လားရှိုးမြို့အဝင် နေရာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများ မြို့မှ ထပ်မံထွက်ခွာလျက်ရှိကာ မြို့တွင်းကျန်ရှိနေသူများ မြို့တွင်း၌ နေရာပြောင်းရွှေ့တိမ်းရှောင်နေရ

လားရှိုးမြို့အဝင် နေရာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများ မြို့မှ ထပ်မံထွက်ခွာလျက်ရှိကာ မြို့တွင်းကျန်ရှိနေသူများ မြို့တွင်း၌ နေရာပြောင်းရွှေ့တိမ်းရှောင်နေရ
Published 22 July 2024

လားရှိုးမြို့အဝင်နေရာများတွင် ဇူလိုင် ၂၂ ရက်၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့တွင်းကျန်ရှိနေသည့် ဒေသခံများမြို့တွင်း၌ နေရာပြောင်းရွှေ့တိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်တွင် လားရှိုးမြို့အဝင် တပ်မတော်တပ်ရင်း ခလရ(၄၁)နှင့် ၅၂၂ များတည်ရှိသည့် နေရာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဆိုသည်။

လက်ရှိလားရှိုးမြို့တွင် ဖုန်းလိုင်းဆက်သွယ်ရေးမှာ ဖုန်းလိုင်းမိသည့်နေရာတွင် MPT လိုင်းတစ်လိုင်းသာရရှိပြီး ဆက်သွယ်ရန် ခက်ခဲလျက်ရှိသည်။

လားရှိုးမြို့တွင်း ပြောင်းရွှေ့ခြင်းမရှိသေးဘဲ ကျန်ရှိခဲ့သူများကို ကူညီမှုများဆောင်ရွက်ပေးနေသည့် ကိုမျိုး၏ ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီခန့်က လူမှုကွန်ရက်တွင် ရေးသားထားချက်အရ ဇူလိုင် ၂၂ ရက်တွင် ဆိုင်ကယ်များဖြင့် တိုက်ပွဲရှောင်နေသူများကို တွေ့ရသည်။

 “ရေကန်တောင် ဆုတောင်းပြည့်အောက်ဘက် ၅၂၂ နဲ့ ၄၁ တစ်ကြောပစ်နေကြပါတယ်။ ကြမ်းပါတယ်။ တခြားနေရာတွေ ငြိမ်နေပါတယ်။ ကျွန်တော်တို့ရှိနေပါသေးတယ်။ ဘေးကင်းပါတယ်။ စစ်ဘေးရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေကို လှူဖို့စီစဉ်နေပါတယ်။  အားမငယ်ပါနဲ့” ဟု ကိုမျိုးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့ အိမ်ကရပ်ကွက်(၁၁) ဘက်မှာ။ မြို့ရှောင်လမ်းနဲ့နီးတယ်။ လူကြီးတွေက မြို့က မထွက်ဘဲနေနေတာ။ သူတို့နဲ့ ဖုန်းရတုန်းကမေးလိုက်တာ။ အခုအဲ ဒီဘက်ကနေ ကိုးကန့်တွေဝင်လာတယ်လို့ ပြောတယ်။ အခုမြို့ထဲဘက်ကို ပြောင်းပြီး ရှောင်နေတယ်လို့သိရတယ်” ဟု တောင်ကြီးမြို့သူ စစ်ဘေးရှောင်ရောက်ရှိနေသည့် လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Most Read

Most Recent