ယိုဟိုကို ခေါ်ယူပြီးနောက် PSG ကွင်းလယ်လူ အူဂါတေကို ထပ်မံခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိထား

ယိုဟိုကို ခေါ်ယူပြီးနောက် PSG ကွင်းလယ်လူ အူဂါတေကို ထပ်မံခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိထား
Photo: Daily Mail
Photo: Daily Mail
Published 20 July 2024

 

မန်ယူအသင်းသည် လိုင်လီအသင်း နောက်ခံလူ လင်နီယိုဟိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် PSG အသင်းကွင်းလယ်လူ မန်နူရယ်အူဂါတေကို ထပ်မံခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် လိုင်လီအသင်း၏ ပြင်သစ်လူငယ်နောက်ခံလူ ယိုဟို (၁၈ နှစ်) ကို ငါးနှစ်စာချုပ် (တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်ပါဝင်) ဖြင့် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင် အတည်ပြုကြေညာခဲ့သည်။ ၎င်းသည် မန်ယူအသင်းတွင် နံပါတ် ၁၅ ဝတ်ဆင်မည်ဖြစ်ပြီး ကနဦးပြောင်း ရွှေ့ကြေး ပေါင် ၅၂ ဒသမ ၂ သန်းနှင့် Add-ons ကြေး ပေါင် ၆ ဒသမ ၇ သန်း ပေးချေရ မည်ဖြစ်သလို တစ်နှစ်လစာ ပေါင် ၅ ဒသမ ၉ သန်းနှင့် အပိုဆုကြေး ပေါင် ၁ ဒသမ ၇ သန်း ရရှိနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြသည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် PSG အသင်း၏ ဥရုဂွေးကွင်းလယ်ခံစစ်ကစားသမား အူဂါတေ (၂၃ နှစ်) ကို ထပ်မံခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနို၏ ဖော်ပြမှုအရ ယိုဟိုနှင့် အူဂါတေမှာ နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့် လက်တွဲထားသူများဖြစ်ပြီး စာချုပ်ကိစ္စအတွက် မန်ယူအသင်းနှင့် သဘောတူ ညီမှုရရှိထားခြင်းဖြစ်သည်။ သို့သော် ကလပ် နှစ်သင်းအကြား သဘောတူညီမှုမရသေးသလို PSG အသင်းဘက်မှ ပေါင် ၅၉ သန်း ထက်လျော့နည်းသည့် ပမာဏဖြင့် ရောင်းချဖွယ်မရှိကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ယိုဟိုမတိုင်ခင် ဘိုလော့ဂ်နာတိုက်စစ်မှူး ဇက်ဇီကို ပေါင် ၃၆ ဒသမ ၅ သန်းဖြင့် ခေါ်ယူထားပြီးဖြစ်သည်။

Most Read

Most Recent