ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသည့် ဗီဒီယိုအတွက် အန်ဇိုဖာနန်ဒက်ဇ် ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိပ်တန်းအားကစားရှေ့နေတစ်ဦး သုံးသပ်

ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသည့် ဗီဒီယိုအတွက် အန်ဇိုဖာနန်ဒက်ဇ် ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိပ်တန်းအားကစားရှေ့နေတစ်ဦး သုံးသပ်
Photo: SPORTbible
Photo: SPORTbible
Published 20 July 2024

 

ချယ်လ်ဆီးအသင်း၏ အာဂျင်တီးနား လက်ရွေးစင်ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အနေဖြင့် ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသော သီချင်းသီဆိုခဲ့သည့် ဗီဒီယိုကို တင်ခဲ့သည့်အတွက် ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိပ်တန်း အားကစားရှေ့နေတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ 

အန်ဇိုဖာနန်ဒက်ဇ်သည် ၂၀၂၄ ကိုပါ အမေရိကပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ဗိုလ်စွဲပြီးနောက် အသင်းဘတ်စ်ကားပေါ်တွင် ပြင်သစ်ကစားသမားများမှာ အန်ဂိုလာမှာ လာသူများဖြစ်ကြောင်းနှင့် ပြင်သစ်အသင်းမှာ လူမျိုးပေါင်းစုံရောနှောနေသည့်အသင်း ဖြစ်ကြောင်း အဓိပ္ပာယ်ရသည့် သီချင်းကို အသင်းဖော်များနှင့်အတူ သီဆိုခဲ့ပြီး ၎င်း၏ Instagram တွင် Live လွှင့်ခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုထွက်ပေါ်လာပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်၏ ချယ်လ်ဆီးအသင်းဖော်ဖြစ်သည့် ပြင်သစ်နောက်ခံကစားသမား ဖိုဖာနာက ဘောလုံးလောကတွင် လူမျိုးရေးခွဲခြားမှုများ ပြောင်းပြောင်းတင်းတင်းလုပ်နေကြပြီဟု ဝေဖန်ခဲ့သလို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း အန်ဇိုဖာနန်ဒက်ဇ်အား အရေးယူပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ တိုင်ကြားခဲ့သည်။ 

ယင်းဗီဒီယိုထွက်ပေါ်လာပြီးနောက် ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကစားသမားများဖြစ်သည့် ဘာဒီယာရှီ၊ ဂူစတို၊ ဖိုဖာနာနှင့် ဒီဆာဆီတို့သည် ကလပ်အသင်းဖော် အန်ဇိုဖာနန်ဒက်ဇ်၏ Instagram အကောင့်ကို Unfollow လုပ်ခဲ့ကြကြောင်း သိရှိရသည်။ ယင်းနောက် အန်ဇိုဖာနန်ဒက်ဇ်သည် ၎င်း၏ လုပ်ရပ်အတွက် တောင်းပန်ခဲ့ပြီး ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် အပျော်လွန်၍ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် လူ မျိုးရေးခွဲခြားမှုကို အမြဲတမ်းဆန့်ကျင်ခဲ့ကြောင်း Instagram တွင် ရေးသားခဲ့သည်။ 

ယခုအခါ ဗြိတိန် ထိပ်တန်းအားကစားရှေ့နေတစ်ဦး ဖြစ်သည့်  အွန်ဝီရီက အန်ဇိုဖာနန်ဒက်ဇ်၏ လူမျိုးရေးခွဲခြားသည့် ဗီဒီယိုကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကသာ စုံစမ်းစစ်ဆေးမည်ဆိုပါက ကစားသမားအနေဖြင့် ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ FA က လူမျိုးရေးခွဲခြားမှုများ ပေါ်ပေါက်လာပါက စည်းကမ်းကော်မရှင်က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ကျူးလွန်သူကို ခြောက်ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဟု ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် အန်ဇိုဖာနန်ဒက်ဇ်၏ပြဿနာနှင့် ပတ်သက်ပြီး FA က စုံစမ်းစစ်ဆေးမှု မလုပ်သေးသော်လည်း ချယ်လ်ဆီးအသင်း အနေဖြင့် အရေးယူအပြစ်ပေးရန် နောက်ကျနေပါက FA က ယင်းကိစ္စကို စုံစမ်းစစ်ဆေး လာနိုင်ကြောင်း သိရသည်။ ထိပ်တန်းအားကစားရှေ့နေ အွန်ဝီရီက "FA အနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ပြဿနာအပေါ် ချယ်လ်ဆီး အသင်း ဘယ်လိုဖြေရှင်းမလဲဆိုတာကိုစောင့်ကြည့်ပြီးမှ အဲဒီကိစ္စမှာ သူ ပါဝင်သင့်၊ မသင့် တွေးတောစဉ်းစားနေပုံရပါတယ်။ တကယ်လို့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပြဿနာကိုသာ FA က ကြားဝင်စစ်ဆေးမယ်ဆိုရင် သူ့အနေနဲ့ အနည်းဆုံး ခြောက်ပွဲ၊ ခုနစ်ပွဲကနေ အများ ဆုံး ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ကျခံနိုင်ရပါတယ်။ FA က လူမျိုးရေးခွဲခြားမှုတွေကို အလေးထားဆောင်ရွက်နေတာဖြစ်လို့ အန်ဇိုဖာနန်ဒက်ဇ် သီဆိုခဲ့တဲ့ သီချင်းစာသားတွေကို သေချာဆန်းစစ်ပြီး အရေးယူရင် ပိုဆိုးသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အန်ဇိုဖာနန်ဒက်ဇ်သည် လူမျိုးရေးခွဲခြားသည့် ဗီဒီယိုအတွက် ပြင်းထန်သည့်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ချယ်လ်ဆီးပရိ သတ်အချို့ကဆိုလျှင် ၎င်းအား စာချုပ်ဖျက် သိမ်းပြီး အသင်းမှထုတ်ပယ်ရန် တောင်းဆိုမှုများပင် ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent