■ ပါလ်မာကို လစာနှုန်းထားအသစ်ဖြင့် နှစ်ရှည်စာချုပ် ပြင်ဆင်ချုပ်ဆိုသွားရန် ချယ်လ်ဆီးအသင်း စီစဉ်နေ     

■ ပါလ်မာကို လစာနှုန်းထားအသစ်ဖြင့် နှစ်ရှည်စာချုပ် ပြင်ဆင်ချုပ်ဆိုသွားရန် ချယ်လ်ဆီးအသင်း စီစဉ်နေ     
Photo: Getty Images
Photo: Getty Images
Published 19 July 2024

ချယ်လ်ဆီးအသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာကို လစာနှုန်းထားအသစ်ဖြင့် နှစ်ရှည်စာချုပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။ 

    

ချယ်လ်ဆီးအသင်းသည် ပါလ်မာ(၂၂ နှစ်)ကို ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်စီးတီးအသင်းထံမှ ယူရိုသန်း (၄၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ၎င်းကို ၂၀၃၀ ခုနှစ်အထိ (၇)နှစ်စာချုပ်ချုပ်ဆိုခဲ့သည့် အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီမှု လည်း ပါဝင်ခဲ့သည်။ 

သို့သော် ပါလ်မာသည် ပြီးခဲ့သည့်ရာသီ၌ ချယ်လ်ဆီးအသင်း၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့်အပြင် ယူရို-၂၀၂၄ ပြိုင်ပွဲ၌လည်း နာမည်ရခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းက အလွယ်တကူ မဆုံးရှုံးရစေရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ တစ်ပတ်ပေါင် (၈၀၀၀၀)သာရရှိနေသည့် ပါလ်မာကို မြင့်မားသည့် လစာနှုန်းထား တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း Telegraph က ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပါလ်မာကို လာမည့်ဆယ်စုနှစ်အထိ အသင်းတွင် ထိန်းသိမ်းထားလိုသည့်အတွက် လက်ရှိစာချုပ်ထက် ပိုမိုရှည်ကြာ သည့် နှစ်ရှည်စာချုပ် ချုပ်ဆိုသွားရန် လိုလားနေကြောင်းလည်း သုံးသပ်ခဲ့သည်။

    

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နှစ်တွင် ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ကစားသမားအပြောင်းအလဲ များစွာဖြစ်ပေါ်ခဲ့သလို၊ ယခုရာသီတွင်လည်း ကစားသမားသစ်များစွာ ထပ်မံအားဖြည့်လျက်ရှိသည်။ 

ဇူလိုင်(၁၈)ရက်နေ့အထိ ကစားသမားသစ်(၅)ဦး ခေါ်ယူထားပြီဖြစ်ပြီး ထိပ်တန်းကစားသမားများ ထပ်မံခေါ်ယူရန်လည်း စီစဉ်နေသည်။ 

ယင်းအ ခြေအနေတွင် ပါလ်မာအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးမှာလည်း အသင်း၏ ဦးစားပေးအစီအစဉ်တစ်ရပ်ဖြစ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ပါလ်မာကို လစာအမြင့်ဆုံးကစားသမားစာရင်းတွင် ပါဝင်သည်အထိ တိုးမြှင့်ပေးဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent