ယူရို-၂၀၂၄ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ပရိသတ်အချို့ ပြင်းထန်စွာဝေဖန်ပြစ်တင်ခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်တောင်းဆို

ယူရို-၂၀၂၄ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ပရိသတ်အချို့ ပြင်းထန်စွာဝေဖန်ပြစ်တင်ခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်တောင်းဆို
Photo: AFP
Photo: AFP
Published 15 July 2024

အင်္ဂလန်ပရိသတ်များသည် ယူရို-၂၀၂၄ ဗိုလ်လုပွဲတွင် စပိန်အသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆောက်ဂိတ်အား ပရိသတ်အချို့က ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြပြီး ရာထူးမှ ချက်ချင်းထုတ်ပယ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခု ယူရို-၂၀၂၄ ပြိုင်ပွဲတွင်မူ စပိန်အသင်းကို ခြေစွမ်းချင်းမယှဉ်နိုင်ဘဲ မိနစ်(၉၀)အတွင်းမှာပင် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်း ဖြစ်ခဲ့သော်လည်း လက်တွေ့ယှဉ်ပြိုင်ရာတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဗိုလ်လုပွဲ၌ ရှုံးနိမ့်အပြီးတွင်မူ ပရိသတ်အချို့က ဆောက်ဂိတ်သည် အရှုံးသမားသာဖြစ်ကြောင်းနှင့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ထိုက်တန်သူမဟုတ်ကြောင်း ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။

လူမှုကွန်ရက် X တွင် ရေးသားခဲ့သည့် ဝေဖန်မှုများထဲ၌ Dany Baker ဆိုသူက '' ဆောက်ဂိတ်ဟာ A အဆင့်လူစာရင်းကို ကိုင်တွယ်နေတဲ့ C အဆင့်အရည်အသွေးသာရှိတဲ့ နည်းပြပါ။ အင်္ဂလန်အသင်းကို ပိုကောင်းတဲ့နည်းပြ ကိုင်တွယ်သင့်ပါပြီ''ဟု ဆိုခဲ့သည်။

Richard Lewis ဆိုသူကလည်း '' ဆောက်ဂိတ်ဟာ တကယ့်ကို ကျရှုံးမှုမှာ ထူးချွန်သူပါ''ဟု ရေးသားခဲ့သည်။

Sam McGuire ကလည်း '' ဆောက်ဂိတ်ဟာ ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်၊ လာလီဂါအကောင်းဆုံးကစားသမားနဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားတွေကို ပိုင်ဆိုင်ခဲ့တဲ့ ကမ္ဘာမှာ တစ်ဦးတည်းသောနည်းပြဖြစ်ပြီး အဲဒီကစားသမားတွေရဲ့ အရည်အသွေးကို ထိရောက်မှုမရှိအောင် လုပ်ဆောင်ခဲ့ပါတယ်''ဟု ဆိုခဲ့သည်။

ဆောက်ဂိတ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အသုံးပြုခဲ့သည့် ကစားပုံနှင့် လူထုတ်ပုံများကြောင့် ဘောလုံးသုံးသပ်သူများ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းအချို့က ဆောက်ဂိတ်၏ ဦးဆောင်မှုအောက်တွင် အင်္ဂလန်အသင်း အောင်မြင်မှုမရနိုင်ဟု ပြောကြားမှုများပင် ရှိခဲ့သည်။

ထို့ကြောင့် ဆောက်ဂိတ်အနေဖြင့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းနှင့် လမ်းခွဲရန် လိုလားနေကြောင်း သတင်းထွက်ခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းနှင့် လမ်းခွဲပြီး ကလပ်အသင်းဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့် အင်္ဂလန်အသင်း၏ စာချုပ်မှာ ၂၀၂၄ ခုနှစ်အတွင်း ကုန်ဆုံးမည်ဖြစ်သော်လည်း FA တာဝန်ရှိသူများက ၂၀၂၆ ကမ္ဘာ့ဖလားအထိ သက်တမ်းတိုးလိုကြောင်း သတင်းထွက်နေသည်။

Most Read

Most Recent