အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
Published 18 July 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဇူလိုင် ၁၇ ရက်တွင် မပြင်းထန်သော လက္ခဏာများဖြင့် ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဆရာဝန်များက ၎င်းပြင်းထန်သော ဆေးဘက်ဆိုင်ရာအခြေအနေတစ်ရပ် ဖြစ်ပွားနေသည်ဟု စစ်ဆေးတွေ့ရှိမည်ဆိုပါက သမ္မတအဖြစ်ပြန်လည်အရွေးခံခြင်းမှ ၎င်းနုတ်ထွက်ရန် စဉ်းစားမည်ဟု ဝန်ခံပြော ကြားခဲ့ပြီးနောက် မကြာမီ ဘိုင်ဒင်သည် ကိုဗစ်ကူး စက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခြင်းဖြစ်သည်။

“ကျွန်တော် နေကောင်းပါတယ်”ဟု အသက် ၈၁ နှစ်အရွယ် ဒီမိုကရက် ဘိုင်ဒင်က သတင်းထောက်များကို လက်မထောင်ပြခဲ့သည်။ ၎င်းသည် လာ့ဗေးဂက်စ်ခရီးကိုအတိုချုံ့ခဲ့ပြီးသီးခြားခွဲ၍နေထိုင်ရန် ဒယ်လာဝဲရှိ ၎င်း၏ကမ်းခြေနေအိမ်ကို ပြန်သွားခဲ့သည်။ ထို့ကြောင့် ဘိုင်ဒင်သည်  မဲဆွယ်စည်းရုံးရေးကို ရက်အတန်ကြာ လုပ်နိုင်ဦးမည်မဟုတ်ဟု သိရသည်။

ဆုတောင်းပေးသူများကို ကျေးဇူးတင်သည်ဟု ဘိုင်ဒင်က ဆိုရှယ်မီဒီယာ X တွင် ဖော်ပြခဲ့သည်။

“ပြန်ကောင်းလာတဲ့အထိ သီးသန့်ခွဲနေမှာဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ အမေရိကန်ပြည်သူတွေအတွက် အလုပ်တွေပြီးမြောက်အောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

မဲဆွယ်စည်းရုံးရေးအတွက် အရေးကြီးသော အချိန်တွင် သမ္မတဂျိုးဘိုင်ဒင်သည် ကိုဗစ်ကူးစက်ခံရခြင်းဖြစ်သည်။ဘိုင်ဒင်သည် သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရရေးအတွက် အရေးပါလာမည့် လက်တင်အလုပ်သမားများကို ကိုယ်စားပြုသော သမဂ္ဂတစ်ခုအား မိန့်ခွန်းပြောကြားမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ထိုအစား ဇူလိုင် ၁၇ ရက်စောစောပိုင်းတွင် ပြုလုပ်ခဲ့သော စည်း ရုံးရေးပွဲကိုတက်ရောက်ခဲ့ပြီး ရေဒီယိုအင်တာဗျူးလုပ်ခဲ့သည်။

ဘိုင်ဒင်သည် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့်အပြင် နောက်တိုးကာကွယ်ဆေးကိုလည်း ထိုးနှံထားသည်ဟု ၎င်း၏ပြောရေး ဆိုခွင့်ရအမျိုးသမီး ကာရင်းဂျင်းပီယာရီက ပြောကြားခဲ့သည်။ သမ္မတဂျိုးဘိုင်ဒင်သည် ကိုဗစ်သောက်ဆေး Paxlovid ကို အခုသောက်နေသည်ဟု ဆိုသည်။ ထို့အပြင် သီး ခြားခွဲနေချိန်အတွင်း ရုံးတာဝန်များကိုအပြည့်အဝ ဆက်လက်ထမ်းဆောင်နေသည်ဟု ပြောခွင့်ရက ပြောသည်။

ဘိုင်ဒင်သည် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ခံစားနေရသည်ဆိုသော်လည်း ၎င်းဖြစ်နေသော ရောဂါလက္ခဏာများသည် ပြင်းထန်မှုမရှိဟု အိမ်ဖြူတော်ဆရာဝန် ကဲဗင်အိုကွန်နော်က ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် လာ့ဗေးဂက်စ်တွင် ကားမှ လေယာဉ်ဆီသို့ လမ်းလျှောက်သွားရာတွင် နှာခေါင်းစည်းတပ်မထားသည်ကိုတွေ့ရသည်။

သတင်းထောက်များက မည်သို့ခံစားရသလဲဟု မေးမြန်းသည့်အခါ ၎င်းက “ကောင်းပါတယ်။ ကျွန်တော် ကျန်းမာရေးကောင်းပါတယ်”ဟု ဖြေကြားခဲ့သည်။

ဘိုင်ဒင် ကိုဗစ်ကူးစက်ခံထားရသည်ဟု အိမ်ဖြူတော်က မကြေညာမီကလေးမှာပင်  လက်တင်အလုပ်သမားများအတွက် Unidos သမဂ္ဂအဖွဲ့၏ဥက္ကဋ္ဌ ဂျာနက်မာဂွီးယားက ဘိုင်ဒင်ကူးစက်ခံရသည့်အခြေအနေကို လူအုပ်အားပြောကြားခဲ့သည်။

ကိုဗစ်ကူးစက်ခံထားရသည့်တိုင် ဘိုင်ဒင်၏ကျန်းမာရေးကို ၎င်းတို့ မစိုးရိမ်ဟု ဘိုင်ဒင်မိန့်ခွန်းပြောမည်ကို စောင့်နေသော လူအုပ်က ပြောကြားခဲ့သည်။

“သူဟာ သန်သန်မာမာပဲလို့ထင်ပါတယ်။ မကြာမီ နေပြန်ကောင်းလာမှာ”ဟု အန်းဗီလာဂတ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတ၏ကြံ့ခိုင်မှုနှင့်ပတ်သက်၍စိုးရိမ်မှု အမြင့်ဆုံးဖြစ်ပေါ်နေချိန်တွင် ဂျိုးဘိုင်ဒင် ကိုဗစ်ကူးစက်ခံရခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent