မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတားအား ယာယီပြန်လည်ပြုပြင်ခဲ့ပြီးနေက် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြု

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတားအား ယာယီပြန်လည်ပြုပြင်ခဲ့ပြီးနေက် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြု
Published 17 July 2024

ဇူလိုင် ၁၆ ရက် ည ၁၀ နာရီခွဲခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ၊ ဗိုလ်ခမ်းကွင်းအရှေ့ ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ ကရင်လေးဆိပ်တံတားအား ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းအချိန်က ယာယီပြန်လည်ပြုပြင်ခဲ့ပြီးနေက် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရသည့် ကရင်လေးဆိပ်တံတားအား ရေပြွန်ချောင်းများချကာ၊ ယာယီမြေဖို့ပြုပြင်ပြီးနောက် သက်ဆိုင်ရာမှ မော်တော်ယာဉ်များအား ပြန်လည်ဖြတ်သန်းသွားလာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပြိုကျသွားတဲ့ တံတားနေရာကို တစ်ခြမ်းပြီးတစ်ခြမ်း မြေဖို့တယ်။ နေ့လယ် ၁၂ နာရီကျော်ကျော်လောက်မှာ တံတားနေရာကို မြေကြီးဖို့ပြုပြင်ပြီးတာနဲ့ကားတွေကို ပေးသွားလိုက်တယ်။  တံတားကျိုးပြီးလမ်းက ပိတ်သလိုဖြစ်သွား ကားတွေအများကြီးပိတ်မိနေတာ။ အခုတစ်စီးပြီးတစ်စီး အလှည့်ကျပေးသွားနေတယ်” ဟု ပြောကြားသည်။

သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြားရှိ ကရင်လေးဆိပ်တံတားမှာ တံတား အရှည် ၁၀ ပေခန့်၊ တံတားအကျယ် ၅၄ ပေခန့်ရှိ တံတားငယ်တစ်စင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent