ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ပါတီကို ပိတ်ပင်ရန် ပါကစ္စတန်အစိုးရ ကြိုးပမ်းမည်

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ပါတီကို ပိတ်ပင်ရန် ပါကစ္စတန်အစိုးရ ကြိုးပမ်းမည်
ဇူလိုင် ၁၅ ရက်က အစ္စလမ္မာဘတ်မြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ရှေ့နေဖြစ်သူနှင့် PTI ပါတီဥက္ကဋ္ဌတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: AFP)
ဇူလိုင် ၁၅ ရက်က အစ္စလမ္မာဘတ်မြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ရှေ့နေဖြစ်သူနှင့် PTI ပါတီဥက္ကဋ္ဌတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: AFP)
Published 16 July 2024

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ နိုင်ငံရေးပါတီကိုပိတ်ပင်ရန် စီစဉ်နေကြောင်းနှင့် ပါကစ္စတန်၏ ထိပ်တန်းတရားရုံးက ၎င်းအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

Pakistan Tehreek-e-Insaf(PTI) ပါတီက တရားမဝင် ပြည်ပအထောက်အပံ့များ လက်ခံရယူခဲ့ခြင်းနှင့် ယမန်နှစ်တွင် စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထား၍ ၎င်းပါတီကိုထောက်ခံသူများက ဆူပူအုံကြြွမှု များ ပြုလုပ်ခဲ့သည့် ခိုင်လုံသော စွဲချက်များအပေါ် အခြေခံ၍ Pakistan Tehreek-e-Insaf(PTI) ပါတီကို ပိတ်ပင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး အက်တာအူလာတာရာက ဆိုသည်။

“ဗဟိုအစိုးရဟာ PTI ပါတီကို ပိတ်ပင် ဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအစီအစဉ်ကို ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော အစိုးရအဖွဲ့ရှေ့မှောက်တွင် ဆွေးနွေး မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပါကစ္စတန်အစိုးရသည် အီမရန်ခန်းနှင့် သမ္မတဟောင်း အရစ်ဖ်အယ်လ်ဗီတို့ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သစ္စာဖောက်မှုစွဲချက်များဖြင့် ဗဟိုတရားရုံးချုပ်၌ တရားစွဲဆိုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး တာရာက ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် ရာထူးမှဖြုတ်ချခံရသည့် နာမည်ကြီး ခရစ်ကက်ကစားသမားဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ခန်းသည် ပါကစ္စတန်၏ သြဇာကြီးသော စစ်ဗိုလ်ချုပ်များကို ဝေဖန်ပြစ်တင်သည့် စည်းရုံးလှုံ့ဆော်မှုများကို တစ်ကျော့ပြန်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ဧရာမဆန္ဒပြပွဲကြီးများ ပေါ် ပေါက်ခဲ့သည်။

ယမန်နှစ်က ၎င်းကို အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများက စစ်ဘက်အဆောက်အအုံများကို စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့သည့်အတွက်  အာဏာပိုင်များက ရွေးကောက်ပွဲ မတိုင်မီတွင် ၎င်း၏ Pakistan Tehreek-e-Insaf(PTI) ပါတီအပေါ် ဖိနှိပ်မှုများ လုပ်ဆောင် ခဲ့သည်။

ခန်းသည် တစ်နှစ်နီးပါး ထောင်ဒဏ်ကျခံနေရသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စလမ္မာဘတ်တရားရုံး၏ တရားသူကြီးက တရားမဝင်ထိမ်းမြားလက်ထပ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်။ ပါကစ္စတန်၏ ဗဟိုတရားရုံးကလည်း ခန်း၏ PTI ပါတီအား လွှတ်တော်အမတ်နေရာများ ထပ်မံပေးအပ်ခဲ့သည့်အတွက် ၎င်းပါတီသည် အမျိုးသားလွှတ်တော်၌ အင်အားအကြီးဆုံး ပါတီဖြစ်လာမည်ဖြစ်သည်။

ယင်းဖြစ်စဉ်နှစ်ခုစလုံးသည် လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်၏ ညွန့်ပေါင်းအစိုးရ အတွက် အဓိကထိုးနှက်ချက်အဖြစ် ရှုမြင်ခံခဲ့ရသည်။

အစိုးရအနေဖြင့် PTI ပါတီကို ပိတ်ပင်ရန်အတွက် ဗဟိုတရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။

၇၁ နှစ်အရွယ် ခန်းသည် ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပြီး PTI ပါတီသည်လည်း ဘေးထုတ်ခံခဲ့ရကာ စစ်တပ်နှင့်နီးစပ်မှုရှိသည်ဟု ယူဆခံရသော ရှရစ်ဖ်ဦးဆောင်သည့် မဟာမိတ်ပါတီများက အာဏာရရှိလာခဲ့သည်။

PTI ပါတီကို တရားဝင်ပိတ်ပင်ရန် ကြိုးပမ်းခြင်းသည် တရားရုံးများကို ခြိမ်းခြောက်ဖိအားပေး၍မရမှန်း ရိပ်စားမိလာခြင်းကြောင့် ထိတ်ထိတ်ပျာပျာဖြစ်နေသည့် လက္ခဏာဖြစ်သည်ဟု PTI ပါတီပြောခွင့်ရက ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်ကလည်း PTI ပါတီကို ပိတ်ပင်ရန်ကြိုးပမ်းမှုသည် ဒီမိုကရေစီစံနှုန်းများအတွက်ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး နိုင်ငံရေးအရ အကျပ်ရိုက်နေသည့် အခြေအနေကို ညွှန်ပြနေသည်ဟု ပြောကြားခဲ့သည်။       

Ref: AFP

Most Read

Most Recent