သမိုင်းတွင် အင်အားနည်းသူက အင်အားကြီးသူကို အနိုင်ယူခဲ့သည့် သာဓကများရှိခဲ့ကြောင်း ထိုင်ဝမ်သမ္မတလိုင်ချင်းတယ် ပြောကြား

သမိုင်းတွင် အင်အားနည်းသူက အင်အားကြီးသူကို အနိုင်ယူခဲ့သည့် သာဓကများရှိခဲ့ကြောင်း ထိုင်ဝမ်သမ္မတလိုင်ချင်းတယ် ပြောကြား
မေ ၂၈ ရက်က ဟွာလျန်မြို့ရှိ လေတပ်စခန်းတစ်ခုသို့ သွားရောက်ခဲ့သည့် ထိုင်ဝမ်သမ္မတလိုင်ချင်းတယ်ကို တွေ့ရစဉ်(Photo: Reuters)
မေ ၂၈ ရက်က ဟွာလျန်မြို့ရှိ လေတပ်စခန်းတစ်ခုသို့ သွားရောက်ခဲ့သည့် ထိုင်ဝမ်သမ္မတလိုင်ချင်းတယ်ကို တွေ့ရစဉ်(Photo: Reuters)
Published 9 July 2024

အင်အားနည်းသော စစ်တပ်များက ၎င်းတို့ထက် အင်အားပိုကြီးသော စစ်တပ်များကို အနိုင်ယူခဲ့သည့် သာဓကများ သမိုင်းတွင်ရှိခဲ့ဖူးကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က လေတပ်အရာရှိများကို ပြောကြားခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းတွင် ပြုလုပ်မည့် ထိုင်ဝမ်၏ နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုများမတိုင်မီ လိုင်က ထိုင်ဝမ်စစ်တပ်ကိုအား ပေးစကားပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ် မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားကာ ထိုင် ဝမ်အစိုးရနှင့်လည်း အဆင့်မြင့်ဆက်ဆံမှုများကို ရပ်ဆိုင်းထားသည်။

ထိုင်ဝမ်စစ်တပ်သည် တရုတ်စစ်တပ်နှင့် နှိုင်းယှဉ်ပါက အင်အားအဆမတန်နည်းပါးနေသည်။

သို့သော် ထိုင်ဝမ်သည် ၎င်းတို့စစ်တပ်အတွက် ရေငုပ်သင်္ဘောကဲ့သို့ အဆင့်မြင့် စစ်လက်နက်ပစ္စည်းအသစ်များကို အင်အားဖြည့်တင်းနေသည့်အပြင် ဘက်မညီစစ်ပွဲအယူအဆကို ကျင့်သုံး၍ ၎င်း၏တပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားစစ်ကစားနိုင်စေပြီး ရန်သူကတိုက်ခိုက်ရ ပိုမိုခက်ခဲစေရန် ပြင်ဆင်မှုများ လုပ် ဆောင်လျက်ရှိကာ ယာဉ်တင်ဒုံးလက်နက်များနှင့် ဒရုန်းများကိုလည်း ဖြည့်တင်းလျက်ရှိသည်။

ထိုင်ဝမ်ကျွန်းအလယ်ပိုင်းရှိ လေတပ်စခန်းတစ်ခု၌ ထိုင်ဝမ်ထုတ် ချင်းကော်အမျိုးအစား တိုက်လေယာဉ်များ၏ရှေ့တွင် ပုံဖျက်ထားသော စစ်ဝတ်စုံဝတ်ဆင်လျက်လိုင်က  သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ စစ်အင်အားကို သာမန်အပေါင်းအနုတ် သချင်္ာပုစ္ဆာတစ်ပုဒ်ကဲ့သို့ တွက်၍မရနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“စစ်လက်နက်အင်အားက အရေးကြီးတယ်ဆိုတာကို မငြင်းနိုင်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စစ်အင်အားကို ကိုယ်စားမပြုနိုင်ပါဘူး”ဟု လိုင်က ပြောကြားသည်။

“သမိုင်းမှာ အင်အားနည်းသူက အင်အားကြီးသူကို အနိုင်ယူခဲ့တဲ့သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ ခေတ်မမီတဲ့ ရန်သူတွေကို အတွေးအခေါ် အယူအဆသစ်တွေနဲ့ အနိုင်ယူနိုင်တဲ့ နည်းလမ်းတွေလည်း အများ အပြားရှိနေတယ်”ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ် ဟန်ကွမ်စစ်ရေးလေ့ကျင့်မှုများသည် တကယ့်တိုက်ပွဲနှင့် တတ်နိုင်သမျှအတူဆုံးဖြစ်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဇူလိုင် ၂၂ ရက်တွင် ဟန်ကွမ်စစ်ရေးလေ့ကျင့်မှုများကို ငါးရက်ကြာပြုလုပ်မည်ဖြစ်ပြီး ဝမ်အန် မြို့ပြကာကွယ်ရေးဆိုင်ရာလေ့ကျင့်မှုများကိုလည်း တွဲဖက်၍ပြုလုပ်မည်ဖြစ်သည်။

ထိုင်ဝမ်သမ္မတရာထူးအပ်နှင်းပွဲတွင် သမ္မတသစ်လိုင်ချင်းတယ်က ထိုင်ဝမ်၏ ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့ပြီး ထိုင်ဝမ်အပေါ်စစ်ရေးအရ ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်လည်း တရုတ်ကို တိုက်တွန်းခဲ့သည်။

၎င်း၏အစိုးရအနေဖြင့် အလျှော့ပေးခြင်း သို့မဟုတ် ရန်စခြင်းတို့ကို လုပ်ဆောင်မည်မဟုတ်ဘဲ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကာ တရားဝင်လွတ်လပ်ရေး ကြေညာခြင်းမရှိသည့် ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်းလည်း လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတလိုင်ချင်းတယ် စတင်တာဝန်ယူပြီး သုံးရက်အကြာတွင် Joint Sword-2024A ဟု အမည်ဝှက်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို တရုတ်က စတင်ပြုလုပ်ခဲ့သည်။                  

Ref: Reuters

Most Read

Most Recent