ယူရို ၂၀၂၄ ပြိုင်ပွဲ အိမ်ရှင် ဂျာမနီအသင်းပရိသတ်များသည် အသင်း၏တိုက်စစ်တွင် ဟာဗက်ဇ်ထက် ဖယ်ခုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန် အလိုရှိနေကြကြောင်း သိရှိရသည်။
ဟာဗက်ဇ်သည် ဂျာမနီအသင်း၏ အုပ်စုပွဲစဉ်(၃)ပွဲစလုံးတွင် ပွဲထွက်အဖြစ် ကစားခဲ့ပြီး ဖယ်ခုမှာ ယင်း(၃) ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ကစား ခွင့်ရခဲ့သည်။
ဟာဗက်ဇ်သည် စကော့တလန်ကို (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် (၁)ဂိုးသွင်းယူခဲ့သော်လည်း နောက်(၂)ပွဲတွင် ဂိုးမသွင်းနိုင်သလို၊ ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပေ။
ဖယ်ခုမှာမူ လူစားဝင်အဖြစ်သာ ကစားခွင့်ရထားသော်လည်း (၂)ဂိုးသွင်းယူထားသည်။ Bild က ဟာဗက်ဇ်နှင့် ဖယ်ခုတို့ထဲတွင် မည်သူ့ကို ပွဲထွက်အဖြစ် အသုံးပြုသင့်သနည်းဟု စစ်တမ်းကောက်ယူခဲ့ရာ ဖယ်ခုက အပြတ်အသတ်အသာရခဲ့သည်။
ယင်းမဲပေးမှုတွင် ပရိသတ် (၁၃၈၀၀၀) မဲပေးခဲ့ပြီး ဖယ်ခုက မဲ (၉၀) ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။