ကလပ်အနေဖြင့် မိမိ၏အားလပ်ရက်ကို နှောင့်ယှက်ခဲ့ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် အရွှန်းဖောက်

ကလပ်အနေဖြင့် မိမိ၏အားလပ်ရက်ကို နှောင့်ယှက်ခဲ့ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် အရွှန်းဖောက်
Photo : Getty Images
Photo : Getty Images
Published 17 June 2024

မန်ယူအသင်းနည်းပြရာထူးတွင် ဆက်ရှိရန် သေချာသွားခဲ့သည့် နည်းပြ တန်ဟက်ဂ်က ကလပ်အနေဖြင့် မိမိ၏အားလပ်ရက်ကို နှောင့်ယှက်ခဲ့ကြောင်း အရွှန်းဖောက်ခဲ့သည်။

တန်ဟက်ဂ်၏အနာဂတ်သည် FAဖလား ဗိုလ်လုပွဲတွင် မန်ယူအသင်း ချန်ပီယံမဖြစ်မီ စိုးရိမ်စရာအနေအထား ရှိခဲ့ပြီး မမျှော်လင့်သည့်အနေအထားမှ ဆုဖလားရယူပေးခဲ့သောကြောင့် ကလပ်အနေဖြင့် ဒတ်ချ်နည်းပြနှင့် ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"အီဘီဇာမှာ ကျွန်တော့်အားလပ်ရက် အနားယူနေချိန် ကလပ်စီမံခန့်ခွဲမှုအဖွဲ့ဟာ ရောက်လာခဲ့တယ်။ သူတို့ဟာ ရုတ်တရက် အိမ်တံခါးဝမှာ ပေါ်လာပြီး ကျွန်တော်နဲ့ ဆက်လက်လက်တွဲချင်တယ်လို့ ပြောခဲ့ပါတယ်" ဟု တန်ဟက်ဂ်က ဒတ်ချ်ရုပ်သံလိုင်း NSO သို့ ပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက FAဖလား ရယူပေးခဲ့သော်လည်း မန်ယူအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် (၈)နေရာသာ ရရှိခဲ့သည်။

မန်ယူအသင်းပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်သည် ဘိုင်ယန်အသင်းနည်းပြဟောင်း သောမတ်စ်တူဟယ်လ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း တန်ဟက်ဂ်က အတည်ပြုခဲ့သည်။

တူဟယ်လ်နှင့် ဆွေးနွေးမှုကို အသင်းအနေဖြင့် မိမိအား အသိပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။ မန်ယူအသင်းနှင့် တန်ဟက်ဂ်သည် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး ယင်းကိစ္စမှာ လွယ်လင့်တကူ ပြီးစီးနိုင်သည့်အရာမဟုတ်ကြောင်းလည်း တန်ဟက်ဂ် သတိပေးခဲ့သည်။

Most Read

Most Recent