ရီးယဲလ်သို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားသည့် ဘာပေအား PSG အသင်း လစာနှင့် အပိုဆုကြေး ပေါင်သန်း (၇၀) ပေးချေခြင်း မရှိ

ရီးယဲလ်သို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားသည့် ဘာပေအား PSG အသင်း လစာနှင့် အပိုဆုကြေး ပေါင်သန်း (၇၀) ပေးချေခြင်း မရှိ
Photo: X
Photo: X
Published 6 June 2024

PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေအား လစာနှင့် အပိုဆုကြေး နှစ်ရပ်ပေါင်း ပေါင်သန်း (၇၀) (ယူရိုသန်း ၈၀) ပေးချေခြင်းမရှိကြောင်း သတင်းထွက်ပေါ်နေသည်။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေ (၂၅ နှစ်)သည် ဇွန်(၃)ရက်(တနင်္လာနေ့)တွင်  ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

ဘာပေသည် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၎င်းအား နှစ်ပေါင်းများစွာ ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၅) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဘာပေသည် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ရန် ၂၀၂၂ ခုနှစ်ကတည်းက စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ PSG အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းစာချုပ်တွင် ဘာပေအနေဖြင့် PSG အသင်းနှင့် တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည်  ဆိုသောအချက်လည်း ပါဝင်ကြောင်း သိရသည်။

သို့သော် ဘာပေသည် ပြီးခဲ့သည့်နွေရာသီတွင် ၎င်းအနေဖြင့် PSG အသင်းနှင့်စာချုပ်သက်တမ်းတိုးမည်မဟုတ်ဘဲ ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်ဟု အသင်းတာဝန်ရှိသူများထံ အသိပေးခဲ့သည်။

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် ဘာပေ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အယ်လ်ခီလိုင်ဖီသည် ဘာပေအား ပေးချေရမည့် ကြီးမားသည့်ငွေကြေးပမာဏကို ပေးချေခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နာမည်ကျော်ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

L'Equipe ၏ ဖော်ပြချက်အရ PSG အသင်းသည် ဘာပေ၏ ဧပြီလနှင့် မေလ လစာအပြင် ဖေဖော်ဝါရီကတည်းက ပေးချေရမည့် အပိုဆုကြေးငွေကို ပေးချေရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဘာပေ ရရှိမည့် လစာ နှင့် ဆုကြေးနှစ်ရပ်ပေါင်းမှာ ပေါင်သန်း (၇၀) ဝန်းကျင်ဖြစ်ပြီး PSG အသင်းက ပေးချေရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ဘာပေနှင့် PSG အသင်း၏ လမ်းခွဲမှုမှာ မပြေမလည် ဖြစ်ခဲ့ပြီး ဘာပေက PSG အသင်းသည် ၎င်းအား အကြမ်းဖက်ဆက်ဆံခဲ့သည်ဟု လူဇင်ဘတ်နှင့်ခြေစမ်းပွဲမတိုင်မီ ပြုလုပ်သည့် ပြင်သစ်အသင်း၏သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောကြားခဲ့သည်။

သို့သော် PSG အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီအနေဖြင့် ဘာပေကို အကြမ်းဖက်ဆက်ဆံခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

ထို့ပြင် ၎င်းက ဘာပေ၏ ပြောစကားများမှာ အလိမ်အညာဖြစ်ပြီး ဘာပေသည် အဆင့်အတန်းမရှိသူဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။