ချင်းတောင်ပေါ်ရှိ ကျေးရွာအချို့တွင် ညဘက်ပိုင်း၌ တောမီးလောင်မှုနှင့် တောင်ယာမီးရှို့မှုများကြောင့် ဒေသခံများ နေအိမ်ခေါင်မိုးများ အပေါ်တက်၍ မီးကင်းစောင့်နေကြရသည်ဟု သိရသည်။“ကျွန်တော်တို့က မီးတားလမ်းလုပ်ပြီးတော့ တောင်ယာမီးရှို့တာလည်း ရှိတယ်။ မီးတားလမ်းလည်း လုပ်တယ်။ တောင်ယာမီးရှို့တယ်ဆိုရင်လည်း ကျွန်တော်တို့က သေသေချာချာ ရွာဘက်မကူးနိုင်အောင် ရှို့ပါတယ်။ မီးတားလမ်း လုပ်ပြီးရှို့တော့ ရွာဘက်တော့ မလာပါဘူး။ ဒါပေမဲ့ ချင်းတောင်လေက အမြဲတိုက်နေတယ်ဆိုတော့ အိမ်တွေအပေါ် မီးပွားကျလာပြီး အိမ်တွေ မီးလောင်မှာ စိုးလို့စောင့်ကြတာပါ။ အိမ်တွေက သက်ကယ်မိုးတွေဆိုတော့ မီးပွားကျလာရင် မီးလောင်ပါတယ်။ဒါကြောင့် ရေစိုအဝတ်တွေကို ဝါးလုံးမှာ ကြိုးနဲ့ချည်ထားတယ်။ တကယ်လို့ အောက်ဘက်လည်း ရေအဆင်သင့်ထားရတာပေါ့။ မီးပွားကျလာရင် ရေစိုအဝတ်နဲ့ လှမ်းရိုက်ရတယ်” ဟု သိုင်းငင်းကျေးရွာအနီးမှ ဒေသခံများက ပြောကြားသည်။ချင်းပြည်နယ်အတွင်းတွင် တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်မှုများကို ဆောင်းရာသီအကုန် နွေရာသီဦးတွင် မကြာခဏတွေ့ရှိရပြီး ရံဖန်ရံခါ နေအိမ်များ အနီးသို့ အဆိုပါမီးများ ရောက်ရှိလာကြသည်ဟု သိရသည်။“မနေ့ညက ပြန်ခဲ့တော့ လမ်းမှာ တောမီးလောင်နေတာတွေ တွေ့တယ် ။ တစ်နေရာမှာတော့ တောင်ယာမီးရှို့တာလို့ ဒေသခံတွေက ပြောတယ်။ ချင်းတောင်က လေတအားတိုက်နေတဲ့အချိန် ဖြစ်နေတာ။ ညဘက်မှာတော့ လေတိုက်နှုန်းနည်းတယ်လို့ ညဘက်တောင်ယာ မီးရှို့တယ် ပြောတာပဲ” ဟု ဟားခါးမှ ကလေးမြို့သို့ ပြန်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ချင်းတောင်တွင် ညဘက်ပိုင်း၌ တောမီးလောင်မှုနှင့် တောင်ယာမီးရှို့မှုများကြောင့် ဒေသခံများ နေအိမ်များပေါ်တက်၍ မီးကင်းစောင့်နေကြရ















