ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ သုံးမှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ ထပ်မံရုံးထုတ်ပြီး တစ်မှုအတွက် တရားလိုအား စတင်စစ်ဆေး

ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ သုံးမှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ ထပ်မံရုံးထုတ်ပြီး တစ်မှုအတွက် တရားလိုအား စတင်စစ်ဆေး
Published 17 February 2016
မြင့်သူ

၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုဖြင့် မြို့နယ်တရားရုံးအသီးသီးတွင် တရားစွဲခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ သုံးမှုဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရုံးထုတ်ခဲ့ကြောင်း သိရသည်။ကျောက်တံတားမြို့နယ် တရားရုံးတွင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒစစ်အောင်တို့ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးရက်သပိတ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီအတွင်းက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ်အား ထောက်ခံကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ကိုကျော်ကိုကို တစ်ဦးတည်းကိုလည်း လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက မြို့တော်ခန်းမရှေ့တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် ပါဖောမန့်ပြုလုပ်၍ ကဗျာရွတ်ခဲ့ခြင်းအား ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ယင်းသို့ တရားစွဲဆိုထားသောအမှုများအနက် ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်းတွင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒစစ်အောင်တို့အား တရားစွဲဆိုထားသော အမှုနှင့် ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား တရားစွဲဆိုထားသော အမှုတို့အတွက် စစ်ဆေးခဲ့ခြင်း မရှိသေးဘဲ ရုံးချိန်းအား ဖေဖော်ဝါရီ ၂၆ ရက် သို့ ရုံးချိန်းပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်း၌ ကိုကျော်ကိုကိုအား တရားစွဲဆိုထားသော အမှုအတွက် တရားလို ရဲမှူးတင်လှအား စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့ စစ်ဆေးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှ ရုံးချိန်းအား ဖေဖော်ဝါရီ ၂၆ ရက်သို့  ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။“ ဒီနေ့ ကျွန်မတို့ လာထွက်ရတာကတော့ သုံးမှုရှိပါတယ်။ စစ်ဖြစ်တာကတော့ ကိုကျော်ကိုကို တစ်ယောက်တည်းကို စွဲဆိုထားတဲ့အမှုကိုပဲ စစ်ဖြစ်တယ်။ ကျန်တဲ့နှစ်မှုအတွက်က ရုံးချိန်းပဲ ချိန်းပေးလိုက်တယ်။ အခုဆိုရင် ကျွန်မတို့မှာ အမှုတွေက နေ့တိုင်းနီးပါး ရုံးချိန်းထွက်နေရတယ်။ သာယာဝတီကနေ ဒီအထိလာပြီးတော့ ရုံးချိန်းထွက်နေရတာကတော့ ကျွန်မတို့အတွက် အဆင်မပြေပါဘူး။ နောက်ပြီး ဒီနေ့ မင်္ဂလာတောင်ညွန့်ရဲစခန်းကလည်း ပုဒ်မ ၁၈ နဲ့ ကျွန်မတို့ သုံးဦးကို တရားစွဲဆိုဖို့ လာရောက်အကြောင်းကြားတယ်။  နောက်တစ်ပတ် ၂၆ ရက်မှာ မင်္ဂလာတောင်ညွန့်မှာလည်း ကျွန်မတို့ကို တရားစွဲတင်သွားမယ်လို့ သိရတယ်”ဟု မဖြိုးဖြိုးအောင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။“ဒီနေ့ ကိုကျော်ကိုကို ကို တရားစွဲဆိုထားတဲ့ အမှုက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ပါဖောမန့် လုပ်ခဲ့တာကို ဆန္ဒဖော်ထုတ်ပါတယ် ဆိုပြီး တော့ ပုဒ်မ ၁၈ နဲ့ တရားစွဲတာပါ။ သူပြောတာက လူ ၅၀ လောက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပြောပြီးတော့ တစ်ယောက်တည်းကိုပဲ တရားစွဲတယ်။ နောက်ပြီး ကဗျာရွတ်ဆိုတာကိုလည်း သူတို့က ဆန္ဒဖော်ထုတ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ တရားစွဲတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဒီလိုမျိုး ကဗျာရွတ်လို့သာ တရားစွဲမယ်ဆိုရင် သူငယ်တန်းကလေးတွေကအစ ကျောင်းသားတွေအကုန်လုံးကို တရားစွဲဆိုရမယ့်ပုံစံ ဖြစ်နေပါတယ်။ ဒီလိုက မဖြစ်သင့်ပါဘူး” ဟု တရားစွဲခံထားရသော ကျောင်းသားများ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ထို့သို့ ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်သော  ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်းတွင် မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း လာရောက် အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက် တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ တရားစွဲဆို တင်ပို့သွားမည်ဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။              

Most Read

Most Recent