■ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်ထုတ်လုပ်ခွင့် ပေးမည်ဟု သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

■ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်ထုတ်လုပ်ခွင့် ပေးမည်ဟု သမ္မတ ဒေါ်နယ်ထရန့် ပြောကြား
Published 8 July 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ကိုယ်တိုင်ထုတ် လုပ်နိုင်ခွင့် (လိုင်စင်) ပေးမည်ဟု ဇူလိုင် ၈ ရက် နေတိုးထိပ်သီအစည်းအဝေးတွင်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

​သမ္မတထရန့်က "ကျွန်တော်တို့ ဆွေးနွေးမယ့်အထဲမှာ ခင်ဗျားတို့ကို ပက်ထရီယော့ဒုံးကျည်တွေ ထုတ်လုပ်ဖို့ လိုင်စင်ပေးမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ဘက်က ဒုံးကျည်တွေ လုံလုံလောက်လောက် မပေးဘူးဆိုပြီး ခင်ဗျားတို့ ညည်းတွားစရာ မလိုတော့ဘူးပေါ့" ဟု သမ္မတ ဇယ်လန်းစကီးကိုပြောကြားခဲ့သည်။

 ထို့ပြင် ၎င်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီကို အကြောင်းမကြားရသေးသော်လည်း အဆင်ပြေသွားလိမ့်မည်ဟု ဆိုသည်။

​လက်ရှိတွင် ယူကရိန်းသည် အမေရိကန်ထုတ် ပက်ထရီယော့ဒုံးခွင်းဒုံးများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ရုရှား၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ကြားဖြတ်ပစ်ချရန် အခက်အခဲများကြုံတွေ့နေသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းက ရုရှားက ကိယက်ဗ်မြို့တော်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ယူကရိန်းသည် ရှေ့တန်းစစ်မျက်နှာကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် စစ်ပွဲကို အသာစီးရရန် ကြိုးပမ်းနေပုံရသည်။

​ရုရှားနိုင်ငံထဲအထိ ယူကရိန်း၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သမ္မတထရန့်က "ဒါဟာ စစ်ရေးအရှိန်မြှင့်တင်မှုတစ်ခု ဖြစ်ပေမယ့် စစ်ပွဲကို အဆုံးသတ်ဆီ ဦးတည်သွားစေနိုင်တဲ့ အရှိန်မြှင့်တင်မှုမျိုးလည်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

​ထို့ပြင် အမေရိကန်သမ္မတက ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် တိုက်ပွဲများ ရပ်တန့်ရန်အတွက် သဘောတူညီချက်ရယူလိုကြသည်ဟု ဆက်လက်ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

 "သမ္မတ ဇလန်းစကီးကလည်း ဒါကို ဖြစ်မြောက်စေချင်သလို၊ သမ္မတ ပူတင်ကလည်း ဖြစ်မြောက်စေချင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent