ဒုက္ခသည်ပြဿနာနှင့် မာကယ်

ဒုက္ခသည်ပြဿနာနှင့် မာကယ်
Published 16 February 2016
မြတ်သစ်

ပြင်သစ်နိုင်ငံကလည်း လက်မခံ၊ အရှေ့ဥရောပနိုင်ငံများက ကန့်ကွက်နေမှုကြောင့် ဒုက္ခသည်များ မျှဝေလက်ခံရေးမူဝါဒ ဆုပ်ကိုင်ထားသော မာကယ်တစ်ယောက် မကြာမီကျင်းပမည့် ဘရပ်ဆဲဆွေးနွေးပွဲတွင် ဒုက္ခသည်အရေး ဥရောပသွေးစည်းညီညွတ်ကြစို့ အယူအဆကို တစ်ကိုယ်တည်းရုန်းကန်ရမည့် အနေအထားရှိနေသည်။ယမန်နှစ်က ဂျာမနီနိုင်ငံသည် ဒုက္ခသည် ၁ ဒသမ ၁ သန်းလက်ခံထားခဲ့ပြီးသည့်နောက်တွင် ဥရောပနိုင်ငံများကလည်း ဒုက္ခသည်များ ပိုမိုလက်ခံရေးကို မာကယ်က တောင်းဆိုခဲ့သည်။ သို့သော်အရှေ့ဥရောပ နိုင်ငံများက ဒုက္ခသည်များ ဝင်ရောက်လာမှုကို လက်ခံကြိုဆိုမည့် အနေအထားမရှိ။ နယ်နိမိတ်တွင် ဝိုင်ယာခြံစည်းရိုးများ ကာရံမှုတွေ ပြုလုပ်လာကြသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲတွင် ဂျာမနီနှင့် အရင်းနှီးဆုံးဖြစ်သော ပြင်သစ်နိုင်ငံက မာကယ်၏ ဒုက္ခသည် လက်ခံရေးအစီအစဉ်ကို စိတ်ဝင်စားဟန် မပြပေ။ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗားလ်က မိမိတို့အနေဖြင့် မာကယ်တင်ပြထားသော အမြဲတမ်းခွဲတမ်းစနစ်ကို လက်ခံရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယား၊ အီရတ်နှင့် အာဖရိကမှ ဒုက္ခသည်များကို ဥရောပတိုက်အနေဖြင့် လက်ခံဖို့ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ဒုက္ခသည် လက်ခံရေး သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုမှုတွေကို တားမြစ်ရန် နယ်စပ်ထိန်းချုပ်ရေးလုပ်ဖို့လိုကြောင်း ဗားလ်က ထုတ်ဖော်ပြောကြားခဲ့သည်။ဒုက္ခသည်များအရေးကို အားကြိုးမာန် တက်လုပ်ဆောင်နေသည့် မာကယ်အတွက် အားပေးထောက်ခံသူကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည့် ဒုက္ခသည်များအရေးကို မာကယ်အနေဖြင့် သူရသတ္တိရှိစွာ လုပ်ဆောင်မှုကို ချီးကျူးလိုက်သည်။ သို့သော် ကယ်ရီက မြူးနစ်လုံခြုံရေး ညီလာခံတွင် ဒုက္ခသည်အရေးသည် ဥရောပတိုက်၏ နိုင်ငံရေးနှင့် လူမှုရေး ဘဝကို ခြိမ်းခြောက်နိုင်သည့်အရေး တစ်ခုဖြစ်နေကြောင်း သတိပေးစကားပြော ကြားခဲ့သည်။မြူးနစ်လုံခြုံရေး ညီလာခံသို့ တက်ရောက်ခဲ့သော ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ကလည်း ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ သူ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဥရောပတိုက်နိုင်ငံက တံခါးတွေဖွင့်ထားပြီး မိမိနိုင်ငံတွင်းသို့ မည်သူမဆို ဝင်လာခွင့်ပြုရေးသည် မိုက်မဲမှုတစ်ခုသာဖြစ်မည်ဟု ပြောကြားခြင်းကြောင့် ဒုက္ခသည်များ လက်ခံရေးကို ရုရှားအနေဖြင့် လက်မခံကြောင်း ပြသလိုက်ခြင်း ဖြစ်၏။ ရုရှားနှင့် အနောက်ကမ္ဘာဆက်ဆံ ရေးတင်းမာမှုမြင့်တက်နေခြင်းနှင့် ပတ်သက်၍ ရုရှားဆန့်ကျင်သော နေတိုး၏ စိမ်းကားမှု ဝါဒကြောင့် ရုရှားနှင့်အနောက်ကမ္ဘာဆက်ဆံရေး တင်းမာမှုဖြစ်နေရကြောင်း မက်ဗီဒက်က ပြောကြားလိုက်သည်။ တစ်ဆက်တည်းမှာပဲ ဥရောပနိုင်ငံရေးသမားများသည် ဥရောပသမဂ္ဂ၏ လုံခြုံရေး အာမခံချက်ရရေးအတွက် ရပ်ဝန်းတစ်ရပ်ထူထောင်နေမှု၏ အကျိုးရလဒ်မှာ မိတ်ဆွေအဝန်းအဝိုင်းတစ်ခုမှ မဟုတ်ဘဲ ဖယ်ကြဉ်မှုရပ်ဝန်းတစ်ခုသာ ဖြစ်ပေါ်စေကြောင်း ပြောကြားလိုက်သည်။ စစ်အေးတိုက်ပွဲ သဘောလို ဦးတည်နေပြီဟု မက်ဗီဒက်၏ စကားကြောင့်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ရုရှားအနေဖြင့် စစ်အေးခေတ်သစ်တစ်ရပ်ကို ဦးတည်နေပြီဆိုသည်ကို သဘောပေါက်ထားကြသည်။“ဥရောပတိုက်ရဲ့ ဒုက္ခသည်ရေးမူဝါဒဟာ လုံးဝဥဿုံကျဆုံးနေပါတယ်။ အင်မတန်မှလည်း ထိတ်လန့်စရာ ကောင်းပါတယ်” ဟု မက်ဗီဒက်က ဟန်ဒယ်ဘလတ်နေ့စဉ် သတင်းစာနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ဟန်ဂေရီ၊ ပိုလန်၊ ချက်နှင့် ဆလိုဗေးနီးယားတို့ကလည်း ဘော်လကန်ကို ဖြတ်ကျော် ဝင်ရောက်လာသည့် ဒုက္ခသည်များအရေးကို ဆွေးနွေးကြသည်။ ဥရောပတိုက်နိုင်ငံများ အနေဖြင့် ဒုက္ခသည်အရေး မဟာဗျူဟာ ချမထားနိုင်ပါက ဘော်လကန်ဒေသနှင့် နီးကပ်စွာ ရှိနေသည့် နိုင်ငံများအနေဖြင့် မိမိတို့နယ်စပ်များကို စည်းရိုးကာကွယ်ရေး လုပ်နေရဟု ဆလိုဗက် နိုင်ငံခြားရေးဝန်ကြီး မီရိုစလပ်လာ့ဂျ်စက်က ထုတ်ဖော်ပြောကြားလိုက်၏။မီရိုစလပ်က မာကယ်၏ ဒုက္ခသည်ခွဲတမ်း အယူအဆကိုလည်း လက်မခံ။ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ဂရိနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသည့် ဒုက္ခသည်များ ကာကွယ်ရန် နယ်ခြားစည်းရိုးများ ထားရှိမည်ဟု ပြောကြားလိုက်သည်။ဥရောပတိုက်၏ ဘုရင်မဟု တင်စားခံရသည့် မာကယ်သည် ဒုက္ခသည်အရေးကြောင့် ပြည်တွင်း၌ လူထုထောက်ခံမှု ကျဆင်းနေသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကလည်း ဒုက္ခသည်လက်ခံရေးကို အပြည့်အ၀ မထောက်ခံ။ဒုက္ခသည်များဝင် ရောက်လာမှု မြင့်တက်မှု အန္တရာယ်စိုးရိမ်နေရမှု အန္တရာယ်မှ ကာကွယ်ရန် နယ်စပ်တွေ ဖွင့်ထားမှုကို ပိတ်ပစ်ဖို့ စီစဉ်နေကြသည်။ဒုက္ခသည်များသည် ဝင်လာစကတော့ သာမန်ဒုက္ခသည်မျှသာ။ နောက်ပိုင်းတွင် သူတို့အတွက် စီးပွားရေး ဒုက္ခရင်ဆိုင်နေရသူတွေ ဖြစ်လာကြသည်။ ဒုက္ခသည်တွေအချို့ လူကုန်ကူးမှုခံခဲ့ရသူတွေ ဖြစ်နေကြသည်။ နေတိုးတပ်ဖွဲ့ဝင်များက အေဂျီယန်ပင်လယ်ပြင်ကို စောင့်ကြပ်ထားမှု ပြုလုပ်နေသည့်ကြားမှပင် လူကုန်ကူးသူတွေက ဒုက္ခသည်တွေကို အခကြေးငွေယူ၍ လုပ်ဆောင်နေကြသည်။ဒုက္ခသည်အရေးကို အလေးအနက်ထား လုပ်ဆောင်ရမည်ဟု ခံယူထားသော မာကယ်က ဥရောပတိုက်မှ နိုင်ငံများအား လူသားချင်း စနာထောက်ထားမှု စံနှုန်းများနှင့် တန်ဖိုးများ လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။ လူဦးရေသန်း ၅၀၀ ခန့်ရှိသော ဥရောပတိုက်ကြီးသည် ဒုက္ခသည် ၁ ဒသမ ၅ သန်း သို့မဟုတ် နှစ်သန်း လာရောက်နေထိုင်ခြင်းအတွက် ဘာမှ ဝန်ထုပ်ဝန်ပိုးဖြစ်စရာ မရှိဟု ကာကွယ်ရေးဝန်ကြီး အဒူလာဗွန်ပေယန်က ပြောကြားသည်။ မာကယ်ကတော့ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို အကောင်အထည်ဖော်ရန်အတွက် ကြာသပတေးနေ့တွင် စတင်မည့် နှစ်ရက်ကြာ ဘရပ်ဆဲဥရောပသမဂ္ဂ ဆွေးနွေးပွဲတွင် တင်ပြမည်ဖြစ်သည်။တူရကီနိုင်ငံသည် ဒုက္ခသည် ၂ ဒသမ ၇ သန်းကို လက်ခံထားရသည့် နိုင်ငံဖြစ်၏။ ဒုက္ခသည်အများစုမှာ ဆီးရီးယားဒုက္ခသည်များ ဖြစ်သည်။ ဒုက္ခသည်အရေအတွက် လက်ခံထားနေရမှုကြောင့် သမ္မတအာဒိုဂန်က ဒုက္ခသည်တွေ တူရကီမှနေ၍ ဥရောပတိုက်သို့ နှင်ထုတ်ပို့ဆောင်မည်ဟု ကြုံးဝါးခဲ့သည်။ ဒုက္ခသည်များအရေးကို ကူညီဖြေရှင်းပေးနေသည့် တူရကီနိုင်ငံကို ဒေါ်လာ  ၃ ဒသမ ၃ ဘီလျံထောက်ပံ့ရန် ဥရောပသမဂ္ဂက သဘောတူထားခဲ့သည်။မိမိတို့အနေဖြင့် ဒုက္ခသည်အရေးကို စိတ်ရှည်လက်ရှည်ထားပြီး လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့သော် ဘတ်စ်ကားများနှင့် လေယာဉ်ပျံများဖြင့် ဒုက္ခသည်များကို ဥရောပတိုက်နိုင်ငံများသို့ ပေးပို့နိုင်ကြောင်းနှင့် မိမိတို့ တူရကီ များ၏ နဖူးတွင် အရူးဟူသော စာသားရေးသားကြောင်းဖြင့် တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဥရောပ၏ ဘုရင်မဟု တင်စားခံရသော မာကယ်သည် ဥရောပနိုင်ငံများ၏ ထောက်ခံမှုမရဘဲ အထီးကျန်ဖြစ်နေသည်။ ဒုက္ခသည်များကို ဝင်ရောက်ခွင့်ပိတ်ပစ်ဖို့ ပြင်ဆင်နေခြင်းကြောင့် ဒုက္ခသည်ကယ်တင်ရေးမာ ကယ်မူဝါဒသည် အောင်မြင်မှု မရမည့် အနေအထား ရောက်ရှိနေသည်။

Most Read

Most Recent