ရန်ကုန်ဆေးရုံကြီးအနီးရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကွက်တွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းမှုအပေါ် အပြီးသတ် ရပ်ဆိုင်းပေးရန် ကျန်းမာရေးဝန်ထမ်းများ စုပေါင်းလက်မှတ် ရေးထိုးကန့်ကွက်မည်

ရန်ကုန်ဆေးရုံကြီးအနီးရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကွက်တွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းမှုအပေါ် အပြီးသတ် ရပ်ဆိုင်းပေးရန် ကျန်းမာရေးဝန်ထမ်းများ စုပေါင်းလက်မှတ် ရေးထိုးကန့်ကွက်မည်
Published 16 February 2016
အိသဉ္ဇာကျော်

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့် သူနာပြုတက္ကသိုလ်ရှေ့ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်တွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းမှုအပေါ် အပြီးသတ်ရပ်ဆိုင်းပေးရန် ပါမောက္ခဆရာဝန်ကြီးများ၊ ဖဲကြိုးနက် ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဆရာဝန်များထံမှ သိရသည်။“ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောက်လုပ်မည့် မြေနေရာကို ပုဂ္ဂလိကသို့ ငှားရမ်းလွှဲပြောင်းလုပ်ကိုင်ခွင့် ပေးခြင်းအား ကန့်ကွက်ခြင်း” အကြောင်းအရာပါ ဖောင်ပုံစံကို ဆရာဝန်များအကြား ဖြန့်ဝေထားပြီး ကန့်ကွက်လက်မှတ်များကို စနစ်တကျ စုဆောင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ကန့်ကွက်လက်မှတ်များကို ကျန်းမာရေးဝန်ထမ်းများအားလုံး ရေးထိုးနိုင်ပြီး ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ဆေးကျောင်းသားကျောင်းသူများလည်း လက်မှတ်ရေးထိုးနိုင်ကြောင်းနှင့် နယ်ပယ်အလိုက် သီးသန့် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။“အခုလက်မှတ်တွေရသလောက် အရင်စုနေပြီ။ အမြန်ဆုံးတင်ပြသွားဖို့ ရှိပါတယ်။ ကျွန်မတို့ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းရင်း အခိုင်အမာက နှစ်ချက်တည်း ရှိပါတယ်။ တစ်ချက်က လူနာဦးရေ အရမ်းများပြီး နေစရာနေရာ အလုံအလောက်မရှိ၊ တက်လာတဲ့ လူနာအားလုံးကို နေစရာ၊ ကုစရာနေရာ အလုံအလောက်မပေးနိုင်ဖြစ်နေတဲ့ ပြည်သူ့ဆေးရုံတွေ အများကြီးရှိနေတယ်။ ခုလိုအခြေအနေမှာ ပြည်သူ့ဆေးရုံတွေ ထပ်တိုးဆောက်ရင်တောင် မလုံလောက်သေးတဲ့ အခြေအနေမှာ ပုဂ္ဂလိကကို ငှားရမ်းခွင့်ပေးတယ်ဆိုတာ လက်မခံတာပါ။ နောက်တစ်ချက်က ဆေးတက္ကသိုလ်အတွက် ခေတ်မီသင်ကြားရေး ဆေးရုံတွေရှိမှ ဆေးပညာလောကအတွက်၊ ဆေးကျောင်းသာကျောင်းသူတွေအတွက် လိုအပ်တဲ့ နေရာတစ်ခုပါ။ မလုပ်သင့်ပါဘူး။ ဒီအချက်တွေကြောင့် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ ဒီလက်မှတ်တွေကို တစ်ပတ်အတွင်း ရသလောက်စုပြီး သက်ဆိုင်ရာဌာနတွေဆီ တင်ပြသွားမှာပါ” ဟု လက်မှတ်ရေးထိုးကန့်ကွက်မည့် အစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူ ဒေါက်တာအလင်္ကာက ပြောကြားသည်။ကန့်ကွက်လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ သက်ဆိုင်ရာမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ဥပဒေရေး ရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်များထံ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေး နယ်ပယ်အသီးသီးမှ စုပေါင်း၍ လွှတ်တော်သို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။တောင်းဆိုချက်တွင် သူနာပြုတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်ဘက်ခြမ်း (ဗိုလ်ချုပ်လမ်းဘက်မြေနေရာ) ရှိ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဆောက်လုပ်ရန်လျာထားသော မြေနေရာတွင် ယခုအခါ ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ပေးလိုက်သည်ကို သိရကြောင်း၊ အဆိုပါမြေနေရာကို ဒဂုံအင်တာနေရှင်နယ် လီမိတက်မှ ဦးဝင်းအောင် နှင့် IBTC မှ ဦးအောင်မိုးကျော်တို့အား ငှားရမ်းလုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း၊ ယင်းတို့အနေဖြင့် စင်ကာပူနိုင်ငံမှ Parkway Group နှင့် ပူးပေါင်းကာ ပုဂ္ဂလိကဆေးရုံ Parkway Yangon Hospital ဆောက်လုပ်ခြင်းကို စတင်ဆောင်ရွက်နေပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း စင်ကာပူနိုင်ငံ Parkway Group ၏ ရင်းနှီးမြှုပ်နှံမှု လုံးဝမပါဘဲ Parkway ၏စီမံခန့်ခွဲမှုကို ၎င်းတို့မှ ငှားရမ်းလုပ်ကိုင်စေခြင်းသာဖြစ်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ထို့ပြင် ယင်းမြေနေရာလွတ် တစ်ခုလုံးအား ဂျပန်အစိုးရမှ ပြည်သူများ၏ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံအဖြစ် ဆောက်လုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း တာဝန်ရှိသူများက မြေနေရာတစ်ဝက်တွင်သာ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ကြောင်း၊ ကျန်မြေနေရာတစ်ဝက်ကိုမူ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလူတစ်စု အကျိုးစီးပွားအတွက် အလွဲသုံး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြည်သူများက ယုံကြည်ကြောင်းနှင့် ယင်းမြေနေရာသည် ဆေးတက္ကသိုလ်(၁)၊ သူနာပြုတက္ကသိုလ်၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီးတို့၏ အနီးတွင်ရှိပြီး နိုင်ငံတကာအဆင့်မီ သင်ကြားရေးဆေးရုံ တည်ဆောက်ရန် အသင့်တော်ဆုံး နေရာဖြစ်သလို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အိုမင်းလှပြီဖြစ်သဖြင့် နေရာရွှေ့ပြောင်းရန် လိုအပ်ပြီး အဆိုပါမြေနေရာသည် ပြည်သူ့ဆေးရုံ တည်ဆောက်ရန်အတွက်  အသင့်တော်ဆုံးနေရာလည်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းရေးသားခဲ့သည်။အဆိုပါ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကွက်အား ပုဂ္ဂလိကသို့ ငှားရမ်းရာတွင်လည်း တစ်ပေပတ်လည် တစ်လမြေငှားရမ်းခ ၁၈၁ ကျပ်ဖြင့် နှစ်ရှည် ငှားရမ်းခွင့် ပြုထားခြင်းဖြစ်ကြောင်း၊ ယင်းမြေကွက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနီး သူနာပြုတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်ဖြစ်ကာ ဧရိယာ ၄ ဒသမ ၃ ဧက ကျယ်ဝန်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေကွက်ပေါ်တွင် Parkway Yangon ဆေးရုံစီမံကိန်း တည်ဆောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံမှ Parkway Hospital အုပ်စုနှင့် မြန်မာနိုင်ငံမှ Andaman Alliance Healthcare လီမိတက် တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။Parkway Yangon ဆေးရုံစီမံကိန်းအား ရင်းနှီးမြှုပ်နှံရာတွင် လက်ရှိမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားမှုအရ အမေရိကန်ဒေါ်လာ သန်း ၈၀ စတင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။      

Most Read

Most Recent