လက်ရှိကာလသည် ပြည်တွင်း၌ မိုးစပါးလက်ကျန် နည်းလာချိန်ဖြစ်ပြီး နွေစပါးလည်း လှိုင်လှိုင်မပေါ်သေးခင် စပ်ကူးမတ်ကူး ကာလဖြစ်သဖြင့် ဈေးကွက်အတွင်း ဆန်ဈေးမာနေဆဲဖြစ်ကြောင်း၊ သို့သော်လည်း နွေစပါးလှိုင်လှိုင်ပေါ်လာချိန်၌မူ ဆန်ဈေးများ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။“အခုအချိန်မှာ ပြည်တွင်းဆန်ဈေးနှုန်း မကျဘူးဆိုတာက လောလောဆယ်က စပ်ကူးမတ်ကူး ကာလဖြစ်နေတယ်။ အောက်တိုဘာ၊ နိုဝင်ဘာစထွက်တဲ့ မိုးစပါးကလည်း အခုအချိန်လောက်ဆို နည်းနည်းနည်းလာ ပြီ။ နွေစပါးကလည်း မတ်လကုန်လောက်မှ စပေါ်မှာလေ။ မတ်လကုန်မှာ စပေါ်မှာဆိုပေမယ့် အခုအချိန်မှာ နည်းနည်းတော့ ဖြိုးတိုးဖြောက်တောက် စပေါ်နေပြီပေါ့။ ရေကျနောက်စိုက်ပေါ့။ ရေကြီးတဲ့ဒေသတွေမှာ ရေကျပြီးနောက်မှ ပြန်စိုက်တဲ့ဟာတွေကလည်း အခုပေါ်တယ်ပေါ့။ ဒါပေမဲ့ တကယ်လှိုင်လှိုင်ပေါ်မှာက မတ်လကုန်နဲ့ ဧပြီလမှပေါ်မှာလေ။ အဲဒီတော့ နွေစပါးလှိုင်လှိုင်မပေါ်ခင်နဲ့ မိုးစပါးနည်းနည်းပါးလာချိန်ကြားထဲမှာတော့ စပါးက နည်းနည်းရှားလာတဲ့ အခြေအနေပါ။ နောက်ပြီး Export မှာ တရုတ်ကို နယ်စပ်ကနေ တော်တော်ဆွဲပြီး ဝယ်လိုအားကောင်းတော့ အဲဒီဘက်ကိုလည်း တင်တာများနေတာပါတယ်။ များတဲ့အခါကျတော့ ပြည်တွင်းမှာလည်း အတန်အသင့် နည်းနေတာပေါ့။ လက်ကျန်နည်းတဲ့သဘောဖြစ်နေ ပါတယ်။ နွေစပါးပေါ်လာရင်တော့ ပြန်ကျသွားမှာပါ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့ အခြေစိုက် ဆန်ကုန်စည်ဒိုင်များသို့ ဆန်ချောအဝင်နည်းပြီး လက်လီနှင့် ပွဲရုံသမားများ အဆွဲများခြင်းကြောင့် ဈေးကွက်အတွင်း ဆန်ဈေးမာနေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပြည်တွင်းဆန်ဈေးများအနေဖြင့် ရန်ကုန်ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ဇီယာ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ်၂၀၅၀၀ နှင့် ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်က ဇီယာ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၈၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၈၀၀ နှင့် ငစိန် ၂၅ မှတ် ဆန် တစ်အိတ်လျှင် ကျပ် ၂၀၆၀၀ ဈေးရှိနေ ကြောင်းသိရသည်။ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ စုစုပေါင်းတန်ချိန် ၉၉၄၃၄၃ ကျော်ဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၆၃ သန်းကျော်ဖိုး ရှိနေပြီး ယခင်နှစ်ကာလတူထက် နည်းနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီဌာနမှ သိရသည်။
လက်ရှိကာလသည် မိုးစပါးလက်ကျန်နည်းချိန်နှင့် နွေစပါးလှိုင်လှိုင် မပေါ်သေးမီကာလဖြစ်နေသဖြင့် ပြည်တွင်း၌ ဆန်ဈေးမာနေသော်လည်း နွေစပါးပေါ်လာပါက ဆန်ဈေးကျဆင်းနိုင်ဟု သိရ















