မြေ ၆၃ ဧကကျော်ပေါ်တွင် ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို စိတ်ဝင်စားသည့် အဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီအဖွဲ့အစည်းများစာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေကြောင်း သိရသည်။ကနဦးလုပ်ငန်းဖြစ်သည့် စိတ်ဝင်စားမှု အဆိုပြုလွှာကို ပြည်တွင်းပြည်ပကုမ္ပဏီ အဖွဲ့အစည်း ၁၈ ဖွဲ့ ၁၄ နိုင်ငံမှ တင်ပြခဲ့ပြီး နောက် ၁၅ ဖွဲ့ကို ရွေးချယ်ခဲ့ကာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း မြန်မာ့မီးရထားက နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အသိပေးခဲ့သည်။တင်ဒါယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီအဖွဲ့အစည်း ၁၅ ဖွဲ့တွင် မြန်မာကုမ္ပဏီ ငါးဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်မည့် မြန်မာ-ကိုရီးယား၊ မြန်မာ-စင်ကာပူ၊ မြန်မာ-အမေရိကန်-အင်္ဂလန်-ပြင်သစ်-ကိုရီးယား-ဗီယက်နမ်တို့ ပါဝင်ကြောင်း သိရသည်။တရုတ်နိုင်ငံမှ ကုမ္ပဏီသုံးခုကလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး China Rail-ways International Group ၊ Excellent Fortune Development Group Co.Ltd နှင့် Great Genesis Gems Co.Ltd (Yaung Investment Group) တို့ ပါဝင်နေသည်။အီတလီ၊ စင်ကာပူနှင့် ကိုရီးယား ကုမ္ပဏီတစ်ခုစီမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း၊ အမေရိကန်၊ ပြင်သစ်နှင့် ဖိလစ်ပိုင်တို့ပူးပေါင်းထားသည့် အဖွဲ့အစည်းတစ်ခုလည်း ပါဝင်ခဲ့ကြောင်း ကြေညာခဲ့သည်။သီးသန့်ဝင်ရောက် ယှဉ်ခဲ့ပြိုင်သည့် မြန်မာကုမ္ပဏီငါးခုတွင်Fortune International Group ၊ Capital Diamond Star Group ၊High Tech Concrete Technology Co,. Ltd ၊ Min Dhama Company Limited နှင့် Shwe Gon Development Group တို့ ဖြစ်ကြောင်း သိရသည်။ရထားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အထပ်မြင့် အဆောက်အအုံများ၊ ဘက်စုံဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည့် စီမံကိန်းတစ်ရပ်ကို နိုင်ငံတကာလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းမှာ ဒေါ်လာသန်းရာနှင့်ချီ ကုန်ကျမည့်စီမံကိန်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ယင်းစီမံကိန်းမှာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်းဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။တင်ဒါအဆိုပြုလွှာပုံစံကို အမေရိကန် ဒေါ်လာ ၃၀၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ပြီး မေလကုန်သည့်အထိ တင်ဒါတင်သွင်းခွင့်ရမည်ဟု ကြေညာခဲ့မှုအရ ယခုနှစ်မကုန်မီ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းကို စတင်နိုင်ရန် မလွယ်ကူသေးကြောင်း သိရသည်။ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို ယခုတစ်ကြိမ် အပါအဝင် နှစ်ကြိမ်တိုင် တင်ဒါခေါ်ယူမှုပြုလုပ်ခဲ့ပြီး ပထမအကြိမ်က တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသောကုမ္ပဏီ မရှိသဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ဒုတိယအကြိမ် ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ ရထားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို အဓိကဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း ၁၅ ခုစာရင်း ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေ















