မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လာမည့်ငါးနှစ် (၂၀၁၆- ၂၀၂၀) အတွင်း အမျိုးသမီးနှင့် မသန်စွမ်းသူများ၏ ကဏ္ဍများကို ပိုမိုလုပ်ဆောင်သွားရန်ရှိပြီး ယင်းအတွက် လမ်းညွှန်ချက်များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူထုအခြေပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငါးနှစ်တစ်ကြိမ် မဟာဗျူဟာစီမံကိန်းများဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုတစ်ကြိမ် ရေးဆွဲထားသည့် စီမံကိန်းတွင် အမျိုးသမီးများ၊ လူငယ်များ စွမ်းဆောင်ရည်ကဏ္ဍကို ပိုမိုတိုးမြှင့် လုပ်ဆောင်မည့်အချက်များ ပါဝင်သည့်အပြင် မသန်စွမ်းသူများကိုလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်တာများတွင် ပိုမိုပါဝင်လာနိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောကြားသည်။“ဒီနှစ်အတွင်းမှ စတင်လုပ်ဆောင်မယ့် ဆရာတို့အသင်းရဲ့ ဦးတည်ချက်မှာဆိုရင် အမျိုးသမီးတွေဟာ လုပ်ငန်းစဉ်တွေမှာ ပိုမိုပါဝင်လာဖို့နဲ့ ပါဝင်လာတဲ့အခါမှာလည်း အထူးသဖြင့်Level မြင့်တဲ့ ကိစ္စရပ်တစ်ခုအပေါ် အဆုံးအဖြတ်ပေးရတဲ့အပိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ လူငယ်တွေကိုလည်း ပါဝင်လာအောင် မျှော်မှန်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ကြက်ခြေနီက လုပ်နေတဲ့လုပ်ငန်းတွေမှာ မသန်စွမ်းသူတွေ ပိုပြီးပါဝင်လာဖို့ပါလုပ်ဖို့ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၆-၂၀၂၀ မဟာဗျူဟာစီမံကိန်းတွင် ဘေးအန္တရာယ် ကျရောက်လွယ်သူများအတွက် စွမ်းဆောင်ရည်ပြည့်ဝသည့် လူမှုကရုဏာအကူအညီများကို ပေးရာတွင် ပြည်တွင်းသာမက ပြည်ပတွင်ပါ အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အမျိုးသားကြက်ခြေနီ အသင်းဖြစ်လာရန်၊ လူထုအခြေပြုလုပ်ငန်းများတွင် အသင်းခွဲအရင်းအမြစ်များနှင့် စေတနာ လုပ်အားရှင်အသင်းဝင်တို့၏ ကွန်ရက်ကို အသုံးပြုခြင်းနှင့် လူမှုကရုဏာတန်ဖိုး သတ်မှတ်ချက်များကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဘေးကင်းပြီးကြံ့ကြံ့ခံ တုံ့ပြန်နိုင်သည့် ရပ်ရွာလူထုအဖွဲ့အစည်းများ ဖြစ်ပေါ်လာရန်၊ လူမှုကရုဏာလုပ်ငန်းများတွင် နိုင်ငံတော် အရန်အင်အားအဖြစ် ဆောင်ရွက်ရာ၌ ခိုင်မာတောင့်တင်းသော ဥပဒေ၊ နည်းဥပဒေများဖြင့် လုပ်ကိုင်သွားရန်ရှိကြောင်း သိရသည်။ထို့ပြင် ဘေးအန္တရာယ်ကျ ရောက်လွယ်စေသည့် အကြောင်းအချက်များကို လျှော့ချခြင်းနှင့် ဘေးအန္တရာယ်ကျရောက်မှုကို ကြံ့ကြံ့ခံနိုင်သည့် ပိုမိုကျန်းမာရေး ဘေးကင်းလုံခြုံသော ရပ်ရွာလူထုအဖွဲ့အစည်းကို တည်ဆောက်ရန်၊ ကြက်ခြေနီအခြေခံမူများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တန်ဖိုးများ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို ပိုမိုလေးစား တန်ဖိုးထားပြီး ငြိမ်းချမ်းသော လူ့ဘောင်ယဉ်ကျေးမှုဖြစ်ထွန်းလာရန် ဆောင်ရွက်ခြင်းနှင့် အသင်း၏ အဆင့်တိုင်းတွင် ခိုင်မာတောင့်တင်းသော စွမ်းဆောင်ရည်နှင့် အရင်းအမြစ်များကို ထိရောက်စွာအသုံးချ စွမ်းဆောင်နိုင်သော အမျိုးသားကြက်ခြေနီအသင်းဖြစ်လာရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လာမည့် ငါးနှစ်အတွင်း အမျိုးသမီးနှင့် မသန်စွမ်းကဏ္ဍများတွင် ယခုထက်ပိုမို ဖွံ့ဖြိုးမှုရှိစေရန် မဟာဗျူဟာစီမံကိန်းများဖြင့် လုပ်ဆောင်မည်















