မင်္ဂလာဈေး မီးလောင်မှုအပြီး ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ ရာခိုင်နှုန်း ၄၀ မြင့်တက်သွားသည့်အပေါ် ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူများက တိုင်ကြားလာ၍ ခေါ်ယူစစ်ဆေးမည်

မင်္ဂလာဈေး မီးလောင်မှုအပြီး ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ ရာခိုင်နှုန်း ၄၀ မြင့်တက်သွားသည့်အပေါ် ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူများက တိုင်ကြားလာ၍ ခေါ်ယူစစ်ဆေးမည်
Published 21 January 2016

မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီး ယုဇနပလာဇာ၏ ဆိုင်ခန်း ငှားရမ်းခနှုန်းထားများ ရာခိုင်နှုန်း ၄၀ခန့် မြင့်သွားသည့်အပေါ် ဆိုင်ခန်း ငှားရမ်းထားသူများက တိုင်ကြားလာ၍ ခေါ်ယူ စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။
မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီး ဆိုင်ခန်း ငှားရမ်းခများ ရုတ်တရက် မြင့်တက်ခဲ့သည့်အပေါ် လက်မခံသည့် ဆိုင်ခန်းငှားရမ်းဖွင့် လှစ်ထားသူ ၁၀၀ ခန့်က လက်မှတ်ရေးထိုးကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင်(ဇောတိက) ထံ ဇန်နဝါရီ ၂၀ ရက်က တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယုဇနပလာဇာက ဆိုင်ခန်းငှားရမ်းခတွေ တက်ခဲ့တဲ့အပေါ် ဈေးသူဈေးသား ၅၀၊ ၁၀၀ လောက် လက်မှတ်ထိုးပြီး တိုင်ကြားလာပါတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း တိုင်ကြားတဲ့ ဈေးသူဈေးသားတွေရော အားလုံးကို ခေါ်စစ်မှာပါ။ ဒီလို ငှားရမ်းခတွေ မင့်တက် မှုကို လက်ခံလို့မရပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက) က ပြောကြားသည်။
ယင်းသို့ တိုင်ကြားလာမှုအပေါ် စည်ပင်ဈေး ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းကိစ္စအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး အဆိုပါအစည်းအဝေးမှ မည်သို့ဆုံးဖြတ်မည်ကို စောင့်ကြည့်ကာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးခင်လှိုင်(ဇောတိက) က ပြောကြားသည်။
“ယုဇနပလာဇာလို ဈေးဝယ်စင်တာကြီးဆိုတာ ကိုယ်ပိုင်ဈေး ဖြစ်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ကိုယ်ပိုင်ဈေးတွေနဲ့ ပတ်သက်ရင် လိုင်စင်ထုတ်ပေးတာပဲ လုပ်ရပေမယ့် အားလုံးဟာ ဈေးရဲ့ ဖွဲ့စည်းပုံအတိုင်းပဲ ဖြစ်ရမယ်။ ဒါကြောင့် စူပါမားကက်၊ ရှော့ပင်းစင်တာတွေဟာ ထိုက်သင့်တဲ့ ငှားရမ်းခတွေနဲ့ လုပ်ဖို့လိုတယ်”ဟု ဦးခင်လှိုင် (ဇောတိက) က ဆက်လက် ပြောကြားသည်။
ယုဇနပလာဇာရှိ ဆိုင်ခန်းငှားရမ်းခနှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်းထားသူများကို ဇန်နဝါရီ ၁၆ ရက်တွင် ယုဇနပလာဇာအုပ်ချုပ်မှု ကော်မတီက ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ဈေးနှုန်း မြင့်တက်မှုကို ကြိုတင် အကြောင်းကြားခြင်း မရှိခဲ့ကြောင်းလည်း ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူအချို့က ပြောကြားသည်။
ဆိုင်ခန်း ငှားရမ်းခများ မြင့်တက်ရာတွင် ယခင် ၁၅ ပေ_ပေ ၅၀ ဆိုင်ခန်းငှားရမ်းခအား ကျပ် ၁၈ သိန်းမှ ယခု ကျပ် ၂၅ သိန်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ရာခိုင်နှုန်း ၄၀ တိုး မြှင့်လိုက်ခြင်းဖြစ်ကြောင်း ယခု ငှားရမ်းခ မြင့်တက်ခြင်းသည် မင်္ဂလာဈေး မီးလောင်မှုနှင့် မသက်ဆိုင်ကြောင်း၊ မလုပ်နိုင်ပါက ဆိုင်ပိတ်ထွက်သွား နိုင်ကြောင်း ယုဇနပလာဇာအုပ်ချုပ်မှု ကော်မတီက ပြောကြားခဲ့ကြောင်း ဆိုင်ခန်း ငှားရမ်း ဖွင့်လှစ်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ ဆိုင်ခန်း ငှားရမ်းခများကို လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ယုဇနပလာဇာတွင် ငှားရမ်းဖွင့်လှစ်ထားသည့် ဆိုင်ခန်းအရေအတွက် ၈၀၀ ခန့် ရှိနေသည်ဟု သိရသည်။

Most Read

Most Recent