ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့အတွက် လိုက်နာရမည့် လုပ်ငန်းရပ်များအား ပြည်ထောင်စုအစိုးရအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့အတွက် လိုက်နာရမည့် လုပ်ငန်းရပ်များအား ပြည်ထောင်စုအစိုးရအဖွဲ့ ထုတ်ပြန်
Published 3 January 2016

ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တို့မှ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအား ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့် ကြော်ငြာစာအမှတ် (၁၂၈/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ပြည်ထောင်စုပိုင် ပစ္စည်းများစာရင်းတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ အမည်စာရင်းပေါက် ပိုင်ဆိုင်ပစ္စည်းများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်အမည်စာရင်းပေါက် ပိုင်ဆိုင်ပစ္စည်းများ၊ တရားရုံးအမိန့်ဖြင့် နိုင်ငံပိုင် သိမ်းဆည်ထားသောပစ္စည်းများ၊ ပြည်တွင်း/ပြည်ပ လှူဒါန်းမှုအရ ရရှိထားသော နိုင်ငံပိုင်ပစ္စည်းများ ပါဝင်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြသည်။ပြည်ထောင်စုဝန်ကြီးဌာန အမည်စာရင်းပေါက်သည့် ပြည်ထောင်စုပိုင် ပစ္စည်းများကို ပြည်ထောင်စုအဆင့်မှ စီမံခန့်ခွဲရမည်ဖြစ်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းပေါက်သည့်  ပြည်ထောင်စုပိုင် ပစ္စည်းများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရက စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ တရားရုံး၏ အမိန့်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ပစ္စည်းများအနက် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို တိုင်းဒေသကြီး (သို့ မဟုတ်)ပြည်နယ်အဆင့်မှ စီမံခန့်ခွဲခြင်းနှင့် မြေနှင့် အဆောက်အအုံကဲ့သို့  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပြည်ထောင်စုမှ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။ထို့ပြင် လှူဒါန်းမှုဖြင့်ရရှိထားသော ပြည်ထောင်စုပိုင် ပစ္စည်းများအနက် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်းနှင့် မြေ၊ အဆောက်အအုံကဲ့သို့  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်က စီမံခန့်ခွဲမည့် ကိစ္စရပ်အကြောင်းအရာများအတွက် ကြမ်းခင်းဈေးနှုန်းကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့က တာဝန်ခံဆောင်ရွက်၍  ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲမည့် ကိစ္စရပ်အကြောင်း အရာများအတွက် ကြမ်းခင်းဈေးနှုန်းကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ခံဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။    ယင်းသို့ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြံပြု ချက်များရှိသော် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပြီး ရောင်းချရရှိသည့် ငွေပမာဏကို စီမံခန့်ခွဲသည့် ပြည်ထောင်စု၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ငွေစာရင်းသို့ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းပေးသွင်းရမည် ဖြစ်ကြောင်းပါရှိသည်။ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲမှုဖြင့် ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် လက်ခံရရှိသော ငွေပမာဏကို ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်းတွင် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်ချုပ်အစီရင်ခံစာတွင်လည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်က စီမံခန့်ခွဲသည့် ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် လက်ခံရရှိသော ငွေပမာဏကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းတွင် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်ချုပ်အစီရင်ခံစာတွင်လည်း ထည့်သွင်းဖော်ပြရမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။ 

Most Read

Most Recent