ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Good to Go ကုမ္ပဏီနှင့် Sky One Construction ကုမ္ပဏီတို့က BOT စနစ်ဖြင့် လုပ်ကိုင်မည်

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Good to Go ကုမ္ပဏီနှင့် Sky One Construction ကုမ္ပဏီတို့က BOT စနစ်ဖြင့် လုပ်ကိုင်မည်
Published 3 January 2016
ချမ်းမြေ့သူ

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Good To Go Travels & Tours ကုမ္ပဏီ နှင့် Sky One Construction ကုမ္ပဏီတို့က BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ လုပ်ကိုင်နိုင်ရန်အတွက်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြု တင်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြု လုပ်သည့် ၂၃/၂၀၁၅ ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လုပ်ငန်းအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် အကောင်အထည် ဖော်လုပ်ကိုင်မည်ဖြစ်ပြီး Good To Go Travels & Tours ကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ရွှေသောင်ယံမြို့နယ်) ချောင်းသာကမ်းခြေရှိ မြေကွက်အမှတ် -ဈ (၃)ရှိ မြေ ၃ ဒသမ ၀၈ ဧကတွင် BOT စနစ် ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ပြီး Sky One Construction ကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ရွှေသောင်ယံမြို့နယ်) ချောင်းသာကမ်းခြေ မြေကွက်အမှတ်-ဈ (၂) ရှိ မြေ ၂၂ ဒသမ ၂ ဧကပေါ်တွင် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်သည်။နိုင်ငံသား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှုများလာပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေါင်းမှာ ၁၂၆၇ ရှိကြောင်း သိရသည်။အဆိုပါ လုပ်ကိုင်ခွင့်ပြုထားသည့် ဒေသအလိုက် လုပ်ငန်းလိုင်စင်များအနက်  ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် လိုင်စင်ရအရေအတွက် အများဆုံး ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင်မူ လိုင်စင်ရဟိုတယ်အလုံးရေ ၅၇ လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၂၂၇၄ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၁၅ ခုနှစ်အတွင်းက နိုင်ငံသားလုပ်ငန်းရှင်များနည်းတူ နိုင်ငံခြားလုပ်ငန်းရှင်များကလည်း မြှုပ်နှံလုပ်ကိုင်မှုများကြောင်း သိရသည်။                         

Most Read

Most Recent