ရဲနှစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ကျူးလွန်ခဲ့သည့် တင်မြင့်၏အမှုအား အပြီးသတ် လျှောက်လဲချက်တင်ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ရဲနှစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ကျူးလွန်ခဲ့သည့် တင်မြင့်၏အမှုအား အပြီးသတ် လျှောက်လဲချက်တင်ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
Published 2 December 2015

သန်လျင်မြို့နယ်တွင် ရဲနှစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ကျူးလွန်ခဲ့သည့် တင်မြင့်၏အမှုအား  တောင်ပိုင်းခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၂ ရက်တွင် အပြီးသတ် လျှောက်လဲချက်တင်ခဲ့ပြီး လာမည့် ရုံးချိန်းတွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုံးချိန်းတွင် တင်မြင့်၏ရှေ့နေဖြစ်သူက တောင်ပိုင်းခရိုင် တရားသူကြီး(၁)ထံသို့ အပြီးသတ် လျှောက်လဲချက် တင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။“သူ့ရဲ့ရှေ့နေက တရားသူကြီးကို အပြီးသတ် လျှောက်လဲချက် တင်လိုက်တယ်။ အဲဒီတော့ နောက်လာမယ့် ရုံးချိန်းမှာ ရဲနှစ်ဦး သတ်ခဲ့တဲ့အမှုနဲ့ တင်မြင့်ကို အမိန့်ချမယ်”ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ် ဦး၏ ပြောကြားချက်အရ သိရသည်။ယင်းအမှုကို ဒီဇင်ဘာ ၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ရဲနှစ်ဦးကို သတ်ခဲ့သည့် အမှုဖြင့် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ တင်မြင့်သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် အမှုအတွက် သန်လျင်မြို့နယ်တရားရုံးက ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။၂၀၁၄ခုနှစ် မေလတွင် တင်မြင့်သည် သန်လျင်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာထားခံရပြီး စက်တင် ဘာ၂ ရက်တွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတည်းခိုခန်း၌ တိမ်းရှောင်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ၎င်းမှဓားဖြင့် ပြန်လည်ခုခံ ထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ် သူရလွင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။ပြစ်မှုကျူးလွန်သူ တင်မြင့်သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့်အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း သိရသည်။၁၉၉၀ ခုနှစ်တွင် တင်မြင့်သည် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှုကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရပြီး ယင်းသို့ ထွက်ပြေးတိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ်တစ် သတ်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအားဖြုတ်ကာ အစောင့်ရဲအားရိုက်နှိက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့ နယ်၊ သိမ်ဖြူလမ်းဒေါင့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ထိုသို့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန်ကြံစည်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့် မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံက စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ထောင်ကျနေစဉ်အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။                                   

Most Read

Most Recent