အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် အတားအဆီးများ ဖြေလျှော့ပေးရန် လိုအပ်နေသေးဟု မလေးရှားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးအဖွင့်၌ ပြောကြား

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် အတားအဆီးများ ဖြေလျှော့ပေးရန် လိုအပ်နေသေးဟု မလေးရှားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးအဖွင့်၌ ပြောကြား
Published 21 November 2015

အာဆီယံ လွတ်လပ်သောကုန်သွယ်မှုအတွက် အတားအဆီးများ ဖြေလျှော့ပေးရန် လိုအပ်နေသေးကြောင်း မလေးရှားဝန်ကြီး ချုပ်နာဂျစ်ရာဇက်က နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အဖွင့်၌ ပြောကြားသည်။
 
“အာဆီယံဒေသတွင်းမှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်လုပ်သားတွေ ကူးလူးဆက်ဆံရာမှာ လွယ်ကူမှုရှိဖို့ နဲ့ စုပေါင်းဈေးကွက်တစ်ခု ဖြစ်လာဖို့ ကြိုးစားရပါမယ်။ ကုန်သွယ်ခွန်နဲ့ အတားအဆီးတွေ ဖြေလျှော့ပေးဖို့ လိုပါသေးတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။
 
“ဒီလို ဆောင်ရွက်မှုတွေ အောင်မြင်ခဲ့ရင် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ရဲ့ အောင်မြင်မှုကြောင့် အာဆီယံရဲ့ စုစုပေါင်း GDP ဟာ ၂၀၂၅ ခုနှစ်မှာ ခုနစ်ရာခိုင်န်း တိုးတက်လာတာကို မြင်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
လက်ရှိအချိန်တွင် အာဆီယံ၏ GDP သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံရှိပြီး ကမ္ဘာ့သတ္တမြောက် စီးပွားရေးအင်အားကြီးနှင့် အာရှ၏ တတိယစီးပွားရေး အင်အားကြီးဒေသအဖြစ် ရပ်တည်နေသည်။
 
အခြားနိုင်ငံများက စီးပွားရေးလုပ်ကိုင်ရာတွင် ကိုယ်နိုင်၊ သူရှုံး မူဝါဒဖြင့် လုပ်ကိုင်နေချိန်၌ အာဆီယံက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ကိုင်ခဲ့သောကြောင့် ယနေ့အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်းနှင့် ထိုသို့ အောင်မြင်မှုရရှိခြင်းသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံကို စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များ၏ မျှော်မှန်းချက်ကြောင့်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားသည်။
 
အာဆီယံအနေဖြင့် စီးပွားရေးတိုးတက်မှုကို အာရုံစိုက်ထားပြီး ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ လူငယ်စီးပွားရေးလုပ်ငန်းရှင် ၁၅၀၀၀ ခန့် တက်ရောက်နေသည့် အာဆီယံစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ထိပ်သီးဆွေးနွေးပွဲကိုလည်း ပြုလုပ်နေကြောင်း နာဂျစ်ရာဇက် က ဆိုသည်။
 
“မနေ့ကပဲ အာဆီယံအသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို ငွေချေးပေးဖို့ အစီအစဉ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွင်း အလုပ်နဲ့ ခရီးသွားလာခွင့်ကတ်ကို ထုတ်ပေးဖို့နဲ့ အာဆီယံအလုပ်သင်ဝန်ထမ်းခေါ်ယူဖို့ အစီအစဉ်တွေကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်း က ပြောကြားသည်။
 
မလေးရှားဝန်ကြီးချုပ်၏ အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းတွင် နိုင်ငံတကာ၌ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် တုန်လှုပ်မိကြောင်း ပြောဆိုခဲ့ပြီး ဒေသတွင်း အခြေအနေများကိုလည်း ပြောကြားသည်။ “ကျွန်တော်တို့ နိုင်ငံတွင်းမှာပဲ Abu Sayyaf  လို့ခေါ်တဲ့ အဖွဲ့နဲ့ အစွန်းရောက် စစ်သွေးကြွ တော်တော်များများဟာ IS နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက်မှု၊ ရက်စက်မှုတွေကိုသာ ဖန်တီးဖို့ စဉ်းစားနေသူတွေ ဖြစ်ပါတယ်။ အဲဒါဟာ အစ္စလမ်ဘာသာနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိပါဘူး”ဟု နာဂျစ်ရာဇက်က ပြောကြားသည်။
 

Most Read

Most Recent