Human Rights Tulip Award ဆုအတွက် မဖြိုးဖြိုးအောင် ထိပ်ဆုံးမှ ဦးဆောင်

Human Rights Tulip Award ဆုအတွက် မဖြိုးဖြိုးအောင် ထိပ်ဆုံးမှ ဦးဆောင်
Published 16 September 2015
ဇေယျာနန္ဒ

နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ချီးမြှင့်သည့် Human Rights Tulip  ဆုအတွက် ရွေးချယ်ထားသူ ၃၀ စာရင်းတွင် မဖြိုးဖြိုးအောင်က မဲအများဆုံးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေလျက် ရှိသည်။
 
အဆိုပါ ဆုသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်းများစွာမှ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများကို စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါဆုသည် လူ့အခွင့်အရေး လှုပ်ရှားသူများအနေဖြင့် အချင်းချင်းလေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ကြောင်း ဆုပေးရေးဝက်ဆိုက်တွင် ဖော်ပြထားသည်။ 
 
ဆုရရှိသူအနေဖြင့် ယူရိုငွေတစ်သိန်း ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ လူ့အခွင့်အရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်းနှင့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဆုရွေးချယ်ရေးနှင့် ဆုရရှိသူများကို ဆက်လက်ထောက်ပံ့ရေးအတွက် NGO အဖွဲ့တစ်ခုဖြစ်သည့် Hivos ကို လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။
 
 မဖြိုးဖြိုးအောင်သည် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် ပုန်းနေခဲ့ရပြီး ထို့နောက် ၂၀၀၈ ခုနှစ် မေလအတွင်း ဖခင်ဖြစ်သူနှင့်အတူ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသအတွင်း အလောင်းများ လိုက်လံမြှုပ်နှံပေးမှုကြောင့် ဇွန်လမှစ၍ ထောင်ဒဏ်လေးနှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာတွင် မော်လမြိုင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။
 
ထို့အပြင် ၂၀၁၄-၂၀၁၅ ခုနှစ်များအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှု ကျောင်းသားလှုပ်ရှားမှုများတွင် အဓိက ခေါင်းဆောင်ပိုင်းမှပါ ဝင်လှုပ်ရှားခဲ့ပြီး အသစ်ပြဋ္ဌာန်းခဲ့သည့် ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွင် မန္တလေးမှ ရန်ကုန်သို့ ချီတက်ခဲ့သည့် ကျောင်းသားသပိတ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အဆိုပါ ကျောင်းသားသပိတ်တွင် ခေါင်းဆောင်ပါဝင်မှုကြောင့် ၂၀၁၅ ခုနှစ် မတ် ၁၀ရက်တွင် အခြားကျောင်းသားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းချခံရသူဖြစ်သည်။
 
မဖြိုးဖြိုးအောင်၏ လှုပ်ရှားမှုများနှင့် စွမ်းဆောင်မှုများကို အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဘုရှ်က ချီးကျူးခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်  Citizen of Burma  ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
 

Most Read

Most Recent