တန်ဟက်ဂ်အား ပြန်လည်တောင်းပန်ပြီး မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ကြိုးစားရန် ဆန်ချိုကို ဘာဘာတော့ဗ် တိုက်တွန်း

တန်ဟက်ဂ်အား ပြန်လည်တောင်းပန်ပြီး မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ကြိုးစားရန် ဆန်ချိုကို ဘာဘာတော့ဗ် တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 30 September 2023

 

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းတောင်ပံကစားသမား ဆန်ချိုအနေဖြင့် နည်းပြ တန်ဟက်ဂ်အား ပြန်လည်တောင်းပန်ပြီး မန်ယူအသင်းတွင် ပုံမှန်ပွွဲထွက်ခွင့်ရရန်အတွက် ကြိုးစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက အာဆင်နယ်နှင့်ပွဲတွင် အသင်းလူစာရင်း၌ မပါဝင်ခြင်းနှင့်ပတ်သက်ပြီး တန်ဟက်ဂ်၏ ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ဝေဖန်ခဲ့ပြီးနောက် အသင်းနှင့်ပူးပေါင်းခွင့် ပိတ်ပင်ခံထားရသူ ဖြစ်သည်။ 

မန်ယူနည်းပြ တန်ဟက်ဂ်က ဆန်ချိုအနေဖြင့် အာဆင်နယ်အား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ၌ အသင်းလူစာရင်းတွင် မပါဝင်ခြင်းမှာ လေ့ကျင့်ရေးကွင်းမှ စွမ်းဆောင်မှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် ဆန်ချိုက တန်ဟက်ဂ်၏ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း၊ ၎င်းအနေဖြင့် အသုံးချခံနေရခြင်းသာဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သည်။ 

မန်ယူအသင်းက အဆိုပါဖြစ်ရပ်အတွက် ဆန်ချိုအား နည်းပြ တန်ဟက်ဂ်ကို တောင်းပန်ရန် ညွှန်ကြားခဲ့သော်လည်း ကစားသမားဘက်က တောင်း ပန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဆန်ချိုသည် အသင်းနှင့်အတူ လေ့ကျင့်ရေးလုပ်ခွင့် ပိတ်ပင်ခံထားရသလို အသင်း၏ အသုံးအဆောင်များကိုပါ အသုံးပြုခွင့် ပိတ်ပင်ခံထားရသည်။ သို့သော် ဆန်ချိုသည် နည်းပြ တန်ဟက်ဂ်အား တောင်းပန်ရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက ဆန်ချိုအား နည်းပြ တန်ဟက်ဂ်ကို တောင်းပန်ရန် တိုက်တွန်းခဲ့သလို ယခုအခါ မန်ယူတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဘာဘာတော့ဗ်ကလည်း ဆန်ချိုအား တန်ဟက်ဂ်ကို ပြန်လည်တောင်းပန်ပြီး အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

ဘာဘာတော့ဗ်က "ဆန်ချိုရဲ့ပြဿနာမျိုး လူသိရှင်ကြားဖြစ်လာတာ အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ ဒီလိုပြဿနာတွေ မကြာခဏဖြစ်လေ့ရှိပေမဲ့ အသင်းတွင်းမှာ ပြီးသွားရမယ့်ပြဿနာမျိုး ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ အသင်းဖော်တွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေနဲ့ အဆင်မပြေတာမျိုးတွေ ရှိတတ်ပေမဲ့ ဒါက လူသိရှင် ကြားဖြစ်ရမယ့် ကိစ္စတွေမဟုတ်ပါဘူး။ ဆန်ချိုဟာ မန်ယူအသင်းမှာ ကစားလာတာ နှစ်နှစ် ရှိပါပြီ။ ဒါပေမဲ့ သူ့အနေနဲ့ ခြေစွမ်းမပြနိုင်သေးပါဘူး။ ဒါကို သူလည်း သိမှာပါ။ ဒီ လိုအနေအထားမှာ ပေါက်ကွဲတာမျိုး၊ နည်းပြနဲ့ ပြဿနာတက်တာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖြစ်နေတဲ့ပြဿနာမှာ ဆန်ချိုအနေနဲ့ တန်ဟက်ဂ်ကို တောင်းပန်လိုက်တာနဲ့ ပြီးသွားမှာဖြစ်ပြီး သူ့အနေနဲ့ ပွဲကစားခွင့်ရဖို့ အတွက် ကြိုးစားနိုင်ပါတယ်။ သူ လေ့ကျင့် ရေးအစီအစဉ်တွေမှာ ကြိုးစားမယ်ဆိုရင် ပုံမှန်ပွဲထွက်ကစားခွင့်အတွက် အခွင့်အရေးလည်း ပိုများလာမှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။