ပေါ်တိုအသင်းရဲ့နည်းပြ ဖာရီအိုလီက ချယ်လ်ဆီးအသင်းနဲ့ သတင်းထွက်နေပေမဲ့ လာမယ့်ရာသီ ပေါ်တိုအသင်းမှာ ဆက်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုစီနီယာကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ မက်ဖာလိန်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး လာမယ့်နွေရာသီမှာ နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။
အဲဒီအတွက် နည်းပြသစ် ရှာဖွေနေရာမှာ အီတလီနည်းပြ ဖာရီအိုလီလည်း ပါဝင်နေကြောင်း သတင်းထွက်လာတာပါ။
အသက်(၃၇)နှစ်သာရှိသေးတဲ့ ဖာရီအိုလီဟာ နိုက်စ်နဲ့ အေဂျက်စ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပေါ်တိုအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပါတယ်။
ဖာရီအိုလီဟာ ဒီရာသီမှာ ပေါ်တိုအသင်းကို ပေါ်တူဂီအမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ဖို့ နီးစပ်နေတာကြောင့် ချယ်လ်ဆီးအသင်းက နည်းပြသစ်လျာထားစာရင်းထဲ ထည့်သွင်းထားတာဖြစ်ပြီး ဖာရီအိုလီက ပေါ်တိုအသင်းနဲ့ ယူရိုသန်း(၂၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးနဲ့ပတ်သက်တဲ့ မေးမြန်းမှုကို ဖာရီအိုလီက ''ကျွန်တော်က ပေါ်တိုအသင်းရဲ့နည်းပြဖြစ်ပြီး ဒီမှာ ပျော်ရွှင်နေပါတယ်။ ဒီနွေရာသီမှာ ချယ်လ်ဆီးကို ပြောင်းရွှေ့မှာမဟုတ်ပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။















