ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက မနေ့က ကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရက်ကို အီရန်နိုင်ငံ တက်ရောက်ခဲ့ခြင်းမရှိပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
မနေ့က ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာကွန်ဂရက်ကို ဖီဖာအဖွဲ့ဝင်နိုင်ငံ (၂၁၁)နိုင်ငံထဲက အီရန်နိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံအားလုံး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အီရန်သတင်းဌာနတစ်ခုကတော့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ်နဲ့ တာဝန်ရှိသူနှစ်ယောက် ကွန်ဂရက်တက်ရောက်ဖို့ သွားခဲ့ပေမဲ့ ကနေဒါနိုင်ငံရဲ့ တိုရွန်တိုလေဆိပ်မှာ ဝင်ခွင့်မရခဲ့တာကြောင့် ကွန်ဂရက်ကို မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အင်ဖန်တီနိုကတော့ ''အီရန်အသင်း အမေရိကန်မှာ ယှဉ်ပြိုင်ကစားမှာ သေချာပါတယ်။ ဒီအတွက် အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ စည်းလုံးညီညွတ်ရမှာကြောင့်ပါ။ ကျွန်တော်တို့ လူတွေကို အတူရှိနေအောင် လုပ်ဆောင်ရမှာကြောင့်ပါ။ ဒါဟာ ကျွန်တော့်ရဲ့တာဝန်ဖြစ်သလို၊ ကျွန်တော်တို့ရဲ့တာဝန်လည်း ဖြစ်ပါတယ်။ ဘောလုံးက ကမ္ဘာကြီးကို ပေါင်းစည်းပေးတယ်။ ဖီဖာက ကမ္ဘာကြီးကို ပေါင်းစည်းပေးတယ်။ ခင်ဗျားက ကမ္ဘာကြီးကို ပေါင်းစည်းပေးတယ်။ ကျွန်တော်တို့က ကမ္ဘာကြီးကို ပေါင်းစည်းပေးတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုက ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံသွားမှာဖြစ်ကြောင်းလည်း အတည်ပြုခဲ့ပြီး ဖီဖာဥက္ကဋ္ဌအဖြစ် ၂၀၃၁ ခုနှစ်အထိ ဆက်ရှိသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။















