ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က မိမိသာ မှော်ဆရာဖြစ်ရင် ဘာစီလိုနာအသင်းမှာ ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းကနေ ဘာစီလိုနာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး ရာသီကုန်မှာ ယူရို(၃၅)သန်းနဲ့ ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပြဿနာကြောင့် ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ တွန့်ဆုတ်နေတဲ့အတွက် ရပ်ရှ်ဖို့ဒ်က သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
လာမယ့်ရာသီ ဘာစီလိုနာအသင်းမှာ ဆက်ရှိမလားဆိုတဲ့ မေးမြန်းမှုကို ရပ်ရှ်ဖို့ဒ်က ''ကျွန်တော် မသိပါဘူး။ ကျွန်တော်က မှော်ဆရာတစ်ယောက်လည်း မဟုတ်ပါဘူး။ မှော်ဆရာဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာအသင်းမှာ ဆက်ရှိသွားမှာပါ။ ကျွန်တော်တို့ စောင့်ကြည့်ကြရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ရီးယဲလ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဖရီးကစ်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တာကြောင့် El Clasico မှာ မက်ဆီနောက်ပိုင်း ဖရီးကစ်နဲ့ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဘာစီလိုနာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် (၁၄)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၁၄)ကြိမ် ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။















