ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြ မက်ဖာလိန်က FA ဖလားဗိုလ်လုပွဲရောက်ရှိတဲ့အတွက် စိတ်သက်သာရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်မှာ လိဒ်စ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် FA ဖလားဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။
မက်ဖာလိန်ဟာ ဧပြီ(၂၂)ရက်ကမှ ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ရတာဖြစ်ပြီး ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးအသင်းကို နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုစီနီယာလက်ထက် ပြိုင်ပွဲစုံနောက်ဆုံး(၈)ပွဲမှာ (၇)ပွဲရှုံးနိမ့်ခဲ့တဲ့အသင်းဖြစ်ပါတယ်။
''စိတ်သက်သာရာရတယ်ဆိုတာ မှန်ကန်တဲ့စကားလုံးပါ။ ကျွန်တော်တို့ပွဲကို ယုံကြည်မှုရှိရှိယှဉ်ပြိုင်ခဲ့ပြီး လေ့ကျင့်မှု(၃)ရက်လည်း ကောင်းကောင်းပြုလုပ်ခဲ့ပေမဲ့ ဘာဖြစ်လာမလဲ မသိနိုင်ပါဘူး။ ကျွန်တော်တို့ အရှိန်အဟုန်ကို ပြောင်းလဲချင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လတ်တလောပုံစံက ကောင်းမွန်မနေခဲ့ပါဘူး။ ဒါပေမဲ့ ကစားသမားတွေက ပွဲတစ်ပွဲကို သူတို့ဘယ်လောက်အနိုင်ရချင်နေသလဲဆိုတာ ပြသခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အသင်းအတွက် တကယ်အရေးကြီးတဲ့အရာပါ'' လို့ မက်ဖာလိန်က ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မေ(၁၆)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။















