မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေတိုးမှုကြောင့် ရေး - ကျောင်းရွာလမ်းပိုင်းရှိ တံတား တစ်စင်း ပဲ့ကျမှုဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေတိုးမှုကြောင့် ရေး - ကျောင်းရွာလမ်းပိုင်းရှိ တံတား တစ်စင်း ပဲ့ကျမှုဖြစ်ပွား
■ Photo - Kyaw Win
■ Photo - Kyaw Win
Published 20 July 2023
ဘိုဘိုမြင့်

မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေတိုးမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး - ကျောင်းရွာလမ်းပိုင်း ကျောက်မိချောင်းကျေးရွာအနီးရှိ တံတားတစ်စင်းမှာ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ပဲ့ကျမှုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုးသည့်အတွက် တံတားဘေးချဉ်းကပ်‌နေရာမှ မြေသားများ ပဲ့ကျကာ တံတားတစ်ခြမ်း ပဲ့ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

"တံတားက တစ်ခြမ်းတော့ကျန်သေးတယ်။ တံတားကို ပြန်လည်ပြင်ဆင်နိုင်ဖို့ တံတားဒေသခံဆရာတော် ဦးခန္တီဦးဆောင်ပြီး ဒေသခံပြည်သူ‌တွေ စုပေါင်းပြီး ပြုပြင်မှုတွေလုပ်ဆောင်နေပါတယ်" ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

အဆိုပါတံတားမှာ ဒေသခံပြည်သူများ သွား‌လာရေးအတွက် ရေး - ကျောင်းရွာလမ်းပိုင်းပေါ်ရှိ အဓိကတံတားတစ်ခုကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

"ကျောင်းရွာဘက်ကနေ ရေးမြို့ဘက်ကိုသွားရင် ဒီတံတားပေါ်ကဖြတ်သန်းကြရတယ်။ ကျန်းမာရေးအရဘဲဖြစ်ဖြစ်၊ စီးပွားရေးအရဘဲဖြစ်ဖြစ် ဒီလမ်းကိုဘဲ အားပြုနေကြရတာပါ" ဟု ကျောင်းရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ဇူလိူင် ၁၈ ရက် နံနက် ၉ နာရီခွဲမှ ဇူလိူင် ၁၉ ရက် နံနက် ၉ နာရီခွဲအထိ ရေးမြို့တွင် မိုးရေချိန် (၄. ၄၁) လက်မရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent