၂၀၀၃ ခုနှစ်က တရုတ်တွင် SARS ရောဂါ ကူးစက်မှုအခြေအနေအား ဖုံးဖိထားမှုကို ဖွင့်ချခဲ့သည့် ကျန်းယန်ယုံဟု အမည်ရသော ဆရာဝန်သည် အသက် ၉၁ နှစ်တွင် ကွယ်လွန်သွားကြောင်း ၎င်း၏မိသားစုက မတ်လ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
ထိုစဉ်က ပေကျင်းမြို့ရှိ စစ်ဆေးရုံတစ်ခုတွင် ဆရာဝန်တစ်ဦးဖြစ်သည့် ကျန်းသည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်သည့် SARS ရောဂါကူးစက်မှုအခြေအနေကို လျှော့ချပြောဆိုရန် အာဏာပိုင်များ၏ ကြိုးပမ်းမှုကို ပြည်ပမီဒီယာသို့ ဖွင့်ချခဲ့သည့်အတွက် တရုတ်အာဏာပိုင်များကို အမျက်ဒေါသထွက် စေခဲ့သည်။ ဖုံးဖိထားသော ရောဂါကူးစက်မှု ပေါင်း ရာနှင့်ချီ ရှိနေကြောင်းလည်း ၎င်းက ဖွင့်ဟပြောဆိုခဲ့သည်။
၎င်း၏စျာပနကို မတ်လ ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး စျာပနအခမ်းအနားသို့ တက်ရောက်ခွင့်မရခဲ့ကြောင်း ကျန်း၏ချွေးမ ဖြစ်သူ ချွေ့ဟုန်က AFP သတင်းဌာနသို့ပြောကြားခဲ့ကာ ၎င်းသေဆုံးခဲ့ပုံနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။ ကျန်းသည် မတ်လ ၁၁ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
SARS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၈၀၀ ကျော် သေဆံးခဲ့ပြီး နိုင်ငံတောင်ပိုင်းတွင် ၎င်းကူးစက်ရောဂါ ဖြစ်ပွားနေသည်ကို အစောပိုင်းတွင် ဖုံးကွယ်ထားသည့်အတွက် တရုတ်အစိုးရသည် နိုင်ငံတကာ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
ကျန်းသည် ၁၉၈၉ ခုနှစ် ထျန်းအန်းမင်အရေးအခင်းတွင် အာဏာပိုင်များက အင်အားသုံး၍ နှိမ်နင်းခဲ့သည့်အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ခြင်းကြောင့် ရှစ်လကြာ နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ထျန်း အန်းမင် ရင်ပြင်တွင် ကျောင်းသားထုဦးဆောင်၍ သီတင်းပတ်များနှင့်ချီကာ ပြုလုပ်ခဲ့သည့် ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံးကာ ဖြိုခွင်းခဲ့ခြင်း ကြောင့် လူရာနှင့်ချီ သေဆုံးခဲ့သည်။
တရုတ်ကွန်မြူနစ် ပါတီဝင်တစ်ဦးဖြစ်သည့် ကျန်းသည် ၂၀၀၄ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် ဝမ်ကျားပေါင်ထံ စာတစ်စောင် ရေးသားပေးပို့ကာ ထိုဖြစ်စဉ်ကို တရားဝင် ဆန်းစစ်မှုများ ပြန်လည်လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
ကျန်းသည် ၎င်း၏ဘဝ အဆုံးသတ်ခါနီး ကာလများတွင် ကန့်သတ်ချုပ်ချယ်မှု အများအပြားနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာဆုကို လက်ခံရယူရန် အမေရိကန်သို့ သွားရောက်ခွင့်ကိုလည်း ပိတ်ပင်ခံခဲ့ရသည်။
တရုတ်ပြည်မရှိ ဆင်ဆာစိစစ်မှုအောက်တွင်ရှိသော သတင်းဌာနများတွင် ကျန်းသေဆုံးခဲ့သည့် သတင်းကို ရေးသားဖော်ပြခြင်းမရှိဘဲ နာမည်ကြီး လူမှုမီဒီယာတစ်ခုဖြစ်သည့် Weibo (ဝေပို) တွင်သာ သုံးစွဲသူအချို့က ၎င်းအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ သည်ဟု သိရသည်။
“သူဟာ အမှန်တရားကို ထုတ်ဖော်ပြောဆိုရဲတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တယ်” ဟု Weibo သုံးစွဲသူတစ်ဦးက ပို့စ်တင်ခဲ့သည်။
သဘာဝဘေးအန္တရာယ်များနှင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများနှင့်ပတ်သက်သည့် သတင်းများကို တရုတ်နိုင်ငံတွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကလည်း SARS ရောဂါနှင့် အလားသဏ္ဌာန်တူသည့် ကူးစက်ရောဂါ အသစ်တစ်မျိုး တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် ကူးစက်ဖြစ်ပွားနေကြောင်း ဆိုရှယ်မီဒီယာတွင် သတိပေးခဲ့သည့် ဝူဟန်မြို့မှ ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် ရဲတပ်ဖွဲ့၏ သတိပေးခြင်းကို ခံခဲ့ရသည်။
ရဲတပ်ဖွဲ့၏ ဆင့်ခေါ်ခြင်းခံခဲ့ရသည့် ဆရာဝန်များအနက်မှ တစ်ဦးဖြစ်သော မျက်စိအထူးကုဆရာဝန် လီဝမ်လျန်သည် နောက်ပိုင်းတွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းကြောင့် လူထုအကြား အမျက်ဒေါသထွက်စရာဖြစ်ခဲ့သည်။














