မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၁၂၀ လမ်း (မင်္ဂလာကန်လမ်း)၊ ၆၂ လမ်းနှင့် ၆၈ လမ်းကြား ငွေတော်ကျီကုန်းရပ်ကွက်ရှိ သစ်အချောထည်လုပ်ငန်းတွင် မတ် ၁၃ရက် ည ၁၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅၀ ဦးဖြင့် သွားရောက်ငြိှမ်းသတ်ခဲ့ကြောင်း၊ ရေဂါလန် ၂၅၀၀၀ ဂါလန်ခန့်၊ မီးကြွင်းမီးကျန် ရေဂါလန် ၅၀၀၀ ဂါလန်ခန့် အသုံးပြုငြိှမ်းသတ်ခဲ့ကြောင်း၊ ည ၁၂ နာရီ ၃၃ မိနစ်တွင် မီးထိန်းခဲ့ပြီး ည ၁၂ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရ/ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၅၀ ပေ-၆၀ ပေ သွပ်မိုးမြေစိုက် (အကာမပါ) အဆောက်အအုံတစ်လုံး ဆုံးရှုံးမှုတန်ဖိုး ၁၆၂၅၀၀၀၀ ခန့်၊ သစ်ကုန်ကြမ်းဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀၀၀၀ ခန့်၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၃၁၂၅၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဆက်လက်သတင်း ရရှိသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းက အသက် ၅၂ နှစ်အရွယ် မန်နေဂျာဖြစ်သူအား (ပ-၇၄/၂၈၅/၂၀၂၃ ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။















