စင်ကာပူတွင် အာဖရိကဝက်တုပ်ကွေးကူးစက်ခံရသော တောဝက် ၁၇ ကောင်ကိုတွေ့ရှိဟု တိရစ္ဆာန်ကျန်းမာရေးအတွက် ကမ္ဘာ့အဖွဲ့အစည်း (WOAH) ထုတ်ပြန်

စင်ကာပူတွင် အာဖရိကဝက်တုပ်ကွေးကူးစက်ခံရသော တောဝက် ၁၇ ကောင်ကိုတွေ့ရှိဟု တိရစ္ဆာန်ကျန်းမာရေးအတွက် ကမ္ဘာ့အဖွဲ့အစည်း (WOAH) ထုတ်ပြန်
စင်ကာပူတွင် တောဝက်တစ်ကောင်ကို တွေ့ရစဉ် (Photo - AFP)
စင်ကာပူတွင် တောဝက်တစ်ကောင်ကို တွေ့ရစဉ် (Photo - AFP)
Published 10 March 2023
Ref: CNA

စင်ကာပူတောဝက်များတွင် အာဖရိက ဝက်တုပ်ကွေး နောက်ထပ်ကူးစက်ခံသည့် အကောင် ၁၇ ကောင်ကိုတွေ့ရှိခဲ့သည်ဟု တိရစ္ဆာန်ကျန်းမာရေးအတွက် ကမ္ဘာ့အဖွဲ့အစည်း(WOAH) က ထုတ်ပြန်သည်။

WOAH ၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ် ပြန်ချက်အရ စင်ကာပူတွင်  အာဖရိကဝက် တုပ်ကွေးဖြစ်ပွားနေသော ဝက်ကောင်ရေ ၁၈ ကောင်ရှိလာသည်ဟုဆိုသည်။ ယင်းသည် ဖေဖော်ဝါရီ ၇ ရက်က စင်ကာပူနိုင်ငံတွင် ပထမဆုံး အာဖရိကဝက်တုပ်ကွေးကူးစက်မှုဖြစ်စဉ်ကို အမျိုးသားပန်းဥယျာဉ်များဘုတ်အဖွဲ့ (Nparks) အတည်ပြုခဲ့ပြီးနောက် သီတင်းနှစ်ပတ်ကျော်တွင် ကူးစက် ခံထားရသော အရေအတွက်ဖြစ်သည်ဟုဆို သည်။

ကူးစက်ခံရသည့် ၁၈ ကောင်အနက် ၁၅ ကောင်ကိုတောဝက်အသေကောင်များတွင် တွေ့ရခြင်းဖြစ်ပြီး ကျန်သောသုံးကောင်မှာ ထောင်ချောက်မိထားသော တောဝက်များတွင် တွေ့ရခြင်းဖြစ်သည်။ ထောင်ချောက်မိထားသော တောဝက်များကို သုတ်သင်ပြီး ဖျက်စီးပစ်လိုက်သည်ဟု WOAH က ထုတ်ပြန်သည်။

စင်ကာပူ၏ ဒေသအများအပြားရှိ သဘောဝပန်းခြံများနှင့် သစ်တောထူထပ်သောနေရာများက တောဝက်များတွင် ဗိုင်းရပ်စ်ကိုတွေ့ရခြင်းဖြစ်သည်ဟုဆိုသည်။ အခြေအနေမှာ တည်ငြိမ်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဗိုင်းရပ်စ်နမူနာများကို စင်ကာပူမြောက်ပိုင်းတွင် အများအားဖြင့် တွေ့ရခြင်း ဖြစ်သည်ဟု CNA ၏ မေးမြန်းမှုကို NParks ၏ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၀ ရက် တွင်ဖြေကြားသည်။

“အာဖရိကဝက်တုပ်ကွေးကို စင်ကာပူတောဝက်တွေမှာ ဘယ်လိုဘယ်ပုံ တွေ့ရသလဲဆိုတာကို NParks က လတ်တလောမှာ လေ့လာနေပါတယ်”ဟု NParks ၏ တိရစ္ဆာန်နှင့်တိရစ္ဆာန်ဆေးကုဆရာဝန်အဖွဲ့၏ ဒါရိုက်တာ ဒေါက်တာချမ်ဆောင်းဖွန်က ပြောကြားသည်။

အာဖရိကဝက်တုပ်ကွေးအတွက် လတ်တလောတွင် ကာကွယ်ဆေးမရှိသလို ကုသဆေးလည်းမရှိဟုဆိုသည်။ ရောဂါလက္ခဏာပြသောတောဝက်များကို ကောင်းကျိုးချမ်းသာအတွက် ဇီဝိန်ခြွေမည်ဖြစ်ပြီး ရောဂါတွေ့ရသော တောဝက်အသေကောင်များကို ရှင်းလင်းပစ်မည်ဟု ၎င်းက ပြောကြားသည်။

အာဖရိကဝက်တုပ်ကွေးသည် အရှေ့တောင်အာရှတွင် တွေ့ရလေ့ရှိသောရောဂ ဖြစ်ပြီး ကူးစက်ခံထားရသော တောဝက်များနှင့် ဝက်များမှတစ်ဆင့် အဓိက ကူးစက်သည့်အပြင် မသန့်ရှင်းသောပစ္စည်းများမှလည်း ကူးစက်သည်။

အာဖရိကဝက်တုပ်ကွေးသည် ဝက်မျိုးနွယ်ကိုသာလျှင် အဓိက ကူးစက်သောရောဂါဖြစ်သည်။

အာဖရိက ဝက်တုပ်ကွေးသည် တိရစ္ဆာန်များမှ လူကိုကူးစက်သောရောဂါမဟုတ်ပေ။ ထို့ကြောင့် အဆိုပါရောဂါသည် ပြည်သူ့ ကျန်းမာရေးအတွက် အန္တရာယ်မရှိဟု ဆိုသည်။

ဖိလစ်ပိုင်က စင်ကာပူမှ ဝက်သားထုတ်ကုန်များ တင်သွင်းခြင်းကို ယာယီပိတ်ပင်ကြောင်း မတ်လ ၆ ရက်တွင် ကြေညာခဲ့သည်။ ထိုပိတ်ပင်မှုတွင် ဝက်သား၊ ဝက်သားရေတို့ကိုလည်းပိတ်ပင်မှု ပါဝင်သည်။ ယင်းထုတ်ကုန်များကို ဆိပ်ကမ်းအားလုံးတွင် သိမ်းဆည်းသွားမည်ဟု ဖိလစ်ပိုင်က ထုတ်ပြန်ထားသည်။                               

Most Read

Most Recent