အမေရိကန်က တောင်ကိုရီးယားကို ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ ရဟတ်ယာဉ်များရောင်းချမည်ဟု ကြေညာ

အမေရိကန်က တောင်ကိုရီးယားကို ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ ရဟတ်ယာဉ်များရောင်းချမည်ဟု ကြေညာ
အမေရိကန်စစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် CH-47F Chinook ရဟတ်ယာဉ်နှင့် အမေရိကန်စစ်သားများကို တွေ့ရစဉ် (Photo – US ARMY)
အမေရိကန်စစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် CH-47F Chinook ရဟတ်ယာဉ်နှင့် အမေရိကန်စစ်သားများကို တွေ့ရစဉ် (Photo – US ARMY)
Published 7 December 2022
Ref : AFP/AP

အမေရိကန်သည် တောင်ကိုရီးယားကို ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ CH-47F Chinook သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် အခြားအစိတ်အပိုင်းများ ရောင်းချမှုကို အတည်ပြုကြောင်း ဒီဇင်ဘာ ၆ ရက်က ကြေညာခဲ့သည်။

တောင်ကိုရီးယား စစ်တပ်အတွက် လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အကြီးစား သယ်ယူပို့ဆောင်နိုင်စွမ်းကို တိုးမြှင့်ခြင်းအားဖြင့် တောင်ကိုရီးယား၏ စွမ်းဆောင်ရည်ကို ယခုရောင်းချမှုအစီအစဉ်က မြင့်တက်စေလိမ့်မည်ဟု အမေရိကန် ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA) က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

“CH-47F ရဟတ်ယာဉ်တွေဟာ တောင်ကိုရီးယားအတွက် ရှာဖွေကယ်ဆယ်ရေး၊ လေထီးတပ်သားများ ဖြန့်ကြက်မှုနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွေအပါအဝင် ကန့်သတ်မှုမရှိတဲ့ အပြန်အလှန်စစ်ဆင်ရေး အစီအစဉ်တွေကို အထောက်အပံ့ပေးနိုင်တဲ့ မစ်ရှင်တွေကို ပြုလုပ်နိုင်စွမ်းရှိလာပါလိမ့်မယ်”ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းရဟတ်ယာဉ်များရောင်းချရေးကို အတည်ပြုခဲ့ပြီး DSCA သည် လွှတ်တော်သို့ အကြောင်းကြားရန် လိုအပ်သည့်အတွက် ယင်းအစီအစဉ်ကို လွှတ်တော်သို့ ဒီဇင်ဘာ ၆ ရက်တွင် တင်သွင်းခဲ့သည်။

လက်ရှိတွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ မြောက်ကိုရီးယား၏မကြာသေးမီက ဒုံးကျည်ပစ်လွှတ်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေသည်။

ကုန်းတွင်းပိုင်း နယ်စပ်ဒေသတစ်ခုတွင် တောင်ကိုရီးယားက ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ပြင်ထဲသို့ နှစ်ရက်ဆက်တိုက် အမြောက်ပစ်ခတ်မှုများ ပြုလုပ်ရန် ရှေ့တန်း တပ်ရင်း တပ်ဖွဲ့များကို အမိန့်ပေးထားသည်ဟု မြောက်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် လတ်တလော စစ်ရေးလှုပ်ရှားမှုအဖြစ် တောင်ကိုရီးယားနှင့် ထိစပ်နေသည့် ၎င်းတို့၏ အနောက်ဘက်နှင့် အရှေ့ဘက် ပင်လယ်နယ်နိမိတ်အနီး ရေပြင်ထဲသို့ အမြောက်ကျည် ၁၃၀ ခန့် ပစ်ခတ်ခဲ့ပြီး တစ်ရက်အကြာ၌ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နယ်စပ်တွင် တောင်ကိုရီးယားက အမြောက်ပစ်ခတ်မှု လေ့ကျင့်ခန်းများ ပြုလုပ်သည့် အရိပ်အယောင်များကို ထောက်လှမ်း တွေ့ရှိပြီးနောက် ဒီဇင်ဘာ ၆ ရက်တွင် ပြု လုပ်ရန် စီစဉ်ထားသည့် အမြောက်ပစ်ခတ်မှုများသည် တောင်ကိုရီးယားကို သတိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမည်မဖော်သည့် မြောက်ကိုရီးယားစစ်တပ် ပြောခွင့်ရတစ်ဦးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် ချော်ဝမ် ဒေသရှိ သီးခြားလေ့ကျင့်ရေးကွင်း နှစ်ခုတွင် အတွဲလိုက်ဒုံးပစ်လောင်ချာ စနစ်များနှင့် ဟောင်ဝစ်ဇာအမြောက်များ ပါဝင်သော ကျည်အစစ်သုံးသည့် လေ့ကျင့်မှုများကို လုပ်ဆောင်လျက်ရှိသည်။

မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ အမေရိကန်ပြည်မအထိ ရောက်နိုင်ဖွယ်ရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုနှင့် ဂျပန်ကိုဖြတ်ကျော်၍ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတို့ကိုလည်း ပြုလုပ်ခဲ့သည်။

Most Read

Most Recent