ယူကရိန်းဒေသလေးခုကို ရုရှားပြည်ထောင်စုနှင့် ပေါင်းစည်းမှုအား မြောက်ကိုရီးယား ကာကွယ်ပြောဆို

ယူကရိန်းဒေသလေးခုကို ရုရှားပြည်ထောင်စုနှင့် ပေါင်းစည်းမှုအား မြောက်ကိုရီးယား ကာကွယ်ပြောဆို
ယူကရိန်းဒေသလေးခုကို ရုရှားနှင့် ပေါင်းစည်းသည့်အထိန်းအမှတ်အဖြစ်ပြုလုပ်သော ဂီတဖျော်ဖြေပွဲသို့ တက်ရောက်သူများအား စက်တင်ဘာ ၃၀ တွင် တွေ့ရစဉ် (Photo-AFP)
ယူကရိန်းဒေသလေးခုကို ရုရှားနှင့် ပေါင်းစည်းသည့်အထိန်းအမှတ်အဖြစ်ပြုလုပ်သော ဂီတဖျော်ဖြေပွဲသို့ တက်ရောက်သူများအား စက်တင်ဘာ ၃၀ တွင် တွေ့ရစဉ် (Photo-AFP)
Published 4 October 2022

ရုရှားစစ်သားများ သိမ်းပိုက်ထားသော ယူကရိန်းဒေသများကို ရုရှားနှင့် ပေါင်းစည်းခြင်းအတွက် ထောက်ခံကြောင်း အောက်တိုဘာ ၄ ရက်တွင် မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး ကုလသမဂ္ဂ၌ ရုရှားအပြုအမူကို ဆန့်ကျင်ရန် ဦးဆောင်လှုံ့ဆော်ခြင်းဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည်  လူဆိုးဂိုဏ်ဝင်ကဲ့သို့ ပြုမူခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ရုရှားစစ်တပ်က ထိန်းချုပ်ထားသော နယ်မြေများတွင် ရုရှားစီစဉ်ခဲ့သော လူထုဆန္ဒခံယူပွဲများ ကျင်းပခဲ့ရာ ယူကရိန်းဒေသလေးခုကို ရုရှားပြည်ထောင်စုနှင့် ပေါင်းစည်းသည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် သမ္မတဗလာဒီမာပူတင်က ကြေညာခဲ့သည်။

သေနတ်ဖြင့်တွေ့၍ လုပ်ဆောင်ခဲ့သော အဆိုပါဆန္ဒခံယူပွဲများကို အတုအယောင်များဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ပြောကြားခဲ့ကြပြီး အဆိုပါဒေသများကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းခြင်းအား ဘယ်တော့မှ အသိအမှတ်ပြုမည်မဟုတ်ဟု ပြောကြားခဲ့ကြသည်။

သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဂျိုချိုဆူးက အဆိုပါလူထုဆန္ဒခံယူပွဲများမှာ အပြည့်အဝ တရားဝင်သော ဆန္ဒခံယူပွဲများဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ပြီး ပြည်သူများ သာတူညီမျှရှိရေးဆိုသော မူများအတိုင်း ချမှတ်ထားသည့် ကုလသမဂ္ဂပဋိညာဉ်အတိုင်းကျင်းပခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာနက KCNA က ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ရုရှား၏ မဟာမိတ်ဖြစ်သည်။

“သောင်းသောင်းဖြဖြရှိတဲ့ ပြည်သူအများစုက ရုရှားနဲ့ ပေါင်းစည်းရေးကို ထောက်ခံခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဂျိုက ဖော်ပြခဲ့သည်ဟု KCNA က ဆိုသည်။

ယင်းသို့ယူကရိန်းပိုင်နယ်မြေများကို ရုရှားပြည်ထောင်စုအတွင်းထည့်သွင်းခြင်းအား လုံခြုံရေးကောင်စီ၌ ရှုတ်ချရန် အမေရိကန်ဦးဆောင်သော ကြိုးပမ်းမှုကို စက်တင်ဘာ ၃၀ တွင် ရုရှားက ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။ တရုတ်နှင့် အိန္ဒိယတို့ကြား နေခဲ့ခြင်းနှင့်အတူ ဗီတိုကို ထောက်ခံသည့်နိုင်ငံမရှိခဲ့ပေ။

အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်သော နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စော်ကားနေသည်ဟု ထုတ်ပြန်ချက်တွင် ဂျိုက ဖော်ပြခဲ့သည်။

“အမေရိကန်က လုံခြုံရေးကောင်စီကို သူ့ရဲ့အကာအကွယ်တစ်ခုလို အသုံးပြုပြီး ၎င်းရဲ့ကြီးစုုိးမှုကို ဆက်လက်ထိန်းထားရေးအတွက် ရန်လိုမှုနည်းလမ်းတွေကို အသုံးပြုနိုင်တဲ့ နေ့ရက်တွေ ဘယ်တော့မှ ပြန်ရောက်လာတော့မှာ မဟုတ်ပါဘူး” ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့သည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကုလသမဂ္ဂရည်ရွယ်ချက်၊ မူနဲ့ဆန့်ကျင်နေပြီး ယုတ္တိမကျ၊ လူဆိုးဂိုဏ်းဝင်ဆန်ဆန် လိုတစ်မျိုး မလိုတစ်မျိုး စံနှုန်းတွေနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်တဲ့ အခွင့်အရေးတွေနဲ့ အခြေခံကျတဲ့အကျိုးစီးပွားတွေကို ချိုးဖောက်နေတဲ့အခါ အဲ့ဒီချိုးဖောက်မှုကြောင့်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် လုံခြုံရေးကောင်စီက လုံးလုံး တာဝန်ခံရပါလိမ့်မယ်” ဟု ဂျိုက ဖော်ပြခဲ့သည်။

နောက်ထပ်ယူကရိန်းနယ်မြေများကို သမ္မတပူတင်၏ တရားမဝင်သိမ်းပိုက်ခြင်းကို ရှုတ်ချရန် အောက်တိုဘာ ၃ ရက်တွင် ဥရောပသမဂ္ဂ(အီးယူ)က ဘရပ်ဆဲလ်တွင် ရုရှားထိပ်တန်းသံတမန်ကို ဆင့်ခေါ်ခဲ့သည်။   ယခုကိစ္စသည် အီးယူတစ်ခုလုံးနှင့် အီးယူ၏ ချိတ်ဆက်လုပ်ဆောင်မှုဖြစ်သည်ဟု အီးယူနိုင်ငံခြားရေးရာပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။                                   

Ref:AFP

Most Read

Most Recent