သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေလေးခုကို ကာကွယ်ရာတွင် မိမိသည် နျူကလီးယားလက်နက်များကို အသုံးပြုနိုင်သည်ဟုသမ္မတဗလာဒီမာပူတင်က ခြိမ်းခြောက်ခဲ့ပြီးနောက် ရုရှားသည် စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပမည့်အခမ်းအနား၌ အဆိုပါနယ်မြေလေးခုကို ရုရှားနှင့်ပေါင်း စည်းသွားမည်ဟု ကရင်မလင်က ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနှင့် အနောက်နိုင်ငံများက အတုအယောင်ဖြစ်သည်ဟု ရှုတ်ချထားသော မဲဆန္ဒခံယူပွဲများကို ကျင်းပခဲ့ပြီးနောက် မိမိတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ဒေသများကိုသိမ်းသွင်းရန် ယူကရိန်းရှိရုရှား ကျောထောက်နောက်ခံပြုတာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင်သမ္မတ ဗလာဒီမာပူတင်ထံ မေတ္တာရပ်ခံခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် မော်စကိုမြို့၌ အခမ်းအနားပြုလုပ်ကာ အဆိုပါဒေသများကို အသိအမှတ်ပြုမည်ဖြစ်သည်။
ဆိုခဲ့ပါဒေသများသည် နယ်မြေပေါင်းစည်းမှုကိုထောက်ခံသည့်အနေဖြင့် မိမိသဘောဆန္ဒအလျောက် လွတ်လပ်သောရွေးချယ်မှုကိုလုပ်ခဲ့ကြသည်ဟု စက်တင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ဒိုးနက်တွင်ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ဒိုးနက်ပြည်သူ ၉၉.၂၃ ရာခိုင်နှုန်းက ရုရှားနှင့် ပေါင်းစည်းရန် ရွေးချယ်ခဲ့သည်ဟု ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု TASS သတင်း ဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် လူဟန်ဒေသတွင် လူထုထောက်ခံမှု ၉၈.၄၂ ရာခိုင်နှုန်း၊ ခါဆန်ဒေသတွင် ထောက်ခံမှု ၈၇.၅ ရာခိုင်နှုန်းနှင့် ဇာပိုရီရှားဒေသတွင် လူထုထောက်ခံမှု ၉၃.၁၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု ရုရှားအစိုးရပိုင်မီဒီယာများ TASS က ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော သမ္မတအမိန့်တစ်ရပ်၌ မိမိသည် ဇာပိုရီရှားနှင့် ခါဆန်တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့သည်ဟု ပူတင်ကဖော်ပြခဲ့ရာ ယင်းနယ်မြေများကို ပိုင်ဆိုင်ကြောင်းကြေညာရန် ရုရှားအတွက် လမ်းပွင့် သွားစေခဲ့သည်။
ရုရှားနှင့်ပေါင်းစည်းရန်ပြင်ဆင်နေသော အခြားဒေသနှစ်ခုဖြစ်သည့် ဒိုးနက်နှင့် လူဟန်တို့၏ လွတ်လပ်ရေးကို ဖေဖော်ဝါရီလကုန်တွင် ရုရှားက အသိအမှတ်ပြုခဲ့သည်။
“ဇာပိုရီရှားနဲ့ ခါဆန်ဒေသတွေရဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံနဲ့ လွတ်လပ်ရေးတို့ကို အသိအမှတ်ပြုကြောင်းကျွန်တော်ညွှန်ကြားပါတယ်”ဟု အမိန့်တွင်ပူတင်က ဖော်ပြခဲ့သည်။
ပေါင်းစည်းမှုများကို အခမ်းအနားတွင် တရားဝင်ဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကာ သမ္မတပူတင်ကလည်း အရေးပါသော မိန့်ခွန်းကို ပြောကြားမည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သတင်းထောက်များကို ပြောကြားခဲ့သည်။
အသိအမှတ်ပြုမည့်အစီအစဉ်ကို မိမိတို့ ကန့်ကွက်ကြောင်း ပြည်ပခေါင်းဆောင်များက ပြောကြားခဲ့ပြီးနောက် နယ်မြေပေါင်းစည်းမှုကို ရုရှားက အခမ်းအနားကျင်းပ၍ လုပ်ဆောင်ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အဆိုပါနယ်မြေလေးခု နှင့် ပတ်သက်၍ ရုရှားအချုပ်အခြာအာဏာ ကို မည်သည့်အခါမျှ အသိအမှတ်မပြုဟု ပြောကြားခဲ့သည်။














