ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ဘုရားသခင်မွေးဖွားရာဟုအဓိပ္ပာယ်ရသော ဘိုဟိူရိုဒိုင်ချီရွာလေးတွင်ခရစ် ယာန်ဘုရားကျောင်း၏ရွှေရောင်အ မိုးခုံးများ ပြိုကျခဲ့သည်။
ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့တို့ ကြား ဒွန်ဘက်စ်ဒေသကို အလုအယက် ရယူနိုင်ရန် အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုအတွင်း ယင်းဘုရားကျောင်းသည်ထိုရွာလေးအပေါ် ကျရောက်သည့်လက်နက်ကြီးများစွာထဲမှ တစ်ခုထိမှန်ခံခဲ့ရသည်။
ယူကရိန်းစစ်သားများက ၎င်းတို့၏ တပ်ဖွဲ့၏ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့်ရက် အနည်းငယ်က ရုရှားတို့သည် ထိုရွာလေးမှ ထွက်ပြေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
၎င်းတို့သည် ထိုရွာလေးအား တစ္ဆေရွာတစ်ရွာအဖြစ် ချန်ထားခဲ့ကြသည်။
ပျက်စီးနေသောနေအိမ်ရှေ့ ရပ်နေသည့် နီနာဂွန်ချာနှင့် ၎င်းင်း၏သားမိုင်ကိုလာတို့သာ ယင်းရွာလေး တွင် နောက်ဆုံးကျန်ရှိနေသည့်ဒေ သခံနှစ်ဦးဖြစ်သည်။၎င်းင်းတို့၏မိသား စုအချို့သည် အသတ်ခံခဲ့ရခြင်းဖြစ် သည်ဟု အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
“ရုရှားတွေ ရောက်လာပြီးတော့ သူတို့ ကျွန်တော့်အကိုနဲ့မရီးကို သတ်သွားခဲ့ပါတယ်”ဟု အသက် ၅၈ နှစ်အရွယ် မိုင်ကိုလာကဆိုသည်။
ရုရှားစစ်သားများက ၎င်းအကို၏ နေအိမ်ကို စခန်းအဖြစ် အသုံးပြုလိုသော်လည်း ၎င်းအစ်ကိုက ငြင်းဆန်ခဲ့ပြီးနောက် အကိုဖြစ်သူနှင့်မရီးတို့ကို တစ်ချိန်တည်းမှာပင် ပစ်သတ်ခဲ့သည်။
မိုင်ကိုလာက ၎င်းတို့၏အလောင်းများကို စောင်များဖြင့်ပတ်၍ ကိုယ်တိုင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ သည်ဟု ပြောကြားခဲ့သည်။
မိုင်ကိုလာနှင့် ၎င်း၏အားနည်းသော အသက် ၉၂ နှစ်အရွယ်မိခင် ဖြစ်သူတို့သည် အစားအစာထည့်ထားသော ဖန်ဘူးများ၊ကြက်အကောင်ရေအနည်းငယ်နှင့် ခြံထဲတွင် စိုက်ပျိုးထားဟော ဟင်းသီးဟင်းရွက်အချို့တို့ဖြင့် မသေရုံတမယ်အသက်ရှင်နေထိုင်ခဲ့ရသည်။
“ကျွန်တော်ဒီအဖြစ်အပျက်ကို စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမလဲ။ ခက်ခဲလွန်းပါတယ်။ ကျွန်တော် ကြောက်နေခဲ့တယ်”ဟု မိုင်ကိုလာက ပြောကြားခဲ့သည်။
စစ်ပွဲကြောင့် စိတ်ဒဏ်ရာရရှိနေသော ၎င်း၏မိခင်ဖြစ်သူသည် ယူကရိန်းတို့က ယင်းဒေသကိုပြန်လည် ထိန်းချုပ်နိုင်သည့်တိုင် ၎င်းတို့ဥယျာဉ်အတွင်းရှိ တွင်းထဲတွင်ဝင်၍ ပုန်းအောင်းနေဆဲ ဖြစ်သည်။
“ကျွန်မနေ့တိုင်းငိုနေမိပါတယ်။ သူတို့တွေ ကျွန်မသားကိုသတ်ပစ်ခဲ့တယ်”ဟု နီနာက မျက်ရည်များကိုသုတ်လျက် ပြောကြားခဲ့သည်။
နီနာစကားပြောနေချိန်တွင်အမြောက်သံများက အနောက်တွင် ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။ သို့သော် ယင်းသည် လူမရှိသောရွာထဲတွင် ကြားရသည့်တစ်ခုတည်းသောအသံဖြစ်သည်။
“သူတို့တွေ(ရုရှားစစ်သား)ကျွန်တော့်ရဲ့ဘဲငန်းတွေကို ယူသွားခဲ့တယ်။ကျွန်တော်အမရဲ့ အိပ်ရာခင်းကိုတောင် သယ်သွားကြတယ်။ ရွာထဲမှာ ဆိတ်တွေအများကြီးရှိတယ်။ သူတို့တွေ အဲဒီဆိတ်တွေအားလုံးကိုလည်း စားလိုက်ကြတယ်”ဟု မိုင်ကိုလာက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များလွန်ခဲ့သည့် နွေဦးရာသီက ရွာထဲသို့ချီတက်လာချိန်တွင် မြို့သူမြို့သားအများအပြားသည် ရုရှားသို့ထွက်ခွာခဲ့ကြသည်။
ဒိုးနက်ဒေသနှင့်ဒွန်ဘက်စ် ဒေသတို့တွင် ဒေသခံအများအပြားသည် ရုရှားလိုလားသူများဖြစ်သည်။
“သူတို့က ငါတို့တွေ ရုရှားကို ထွက်ပြေးရအောင်လို့ကျွန်တော်တို့ကို ပြောပေမယ့် ကျွန်တော်ငြင်းခဲ့ပါတယ်။ ဟိုမှာငါတို့ကိုဘယ်သူက စောင့်နေမှာလဲ”ဟု ၎င်းကပြောကြားခဲ့သည်။ ယူကရိန်းစစ်သားများက ကျန်းမာရေးပြဿနာများနှင့် ၎င်းမိခင်၏ အသက်အရွယ်ကြောင့် ပိုမိုဘေးကင်းသော ယူကရိန်းအနောက်ပိုင်းသို့ ပြောင်းရွှေ့လိုခြင်းရှိ မရှိ မေးမြန်းသည့်အခါတွင်လည်း ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
“လာမယ့်ဘေးကတော့ ပြေးမလွတ်ဘူးလို့ ကျွန်တော်တွေးမိခဲ့တယ်”ဟု ပြောကြားခဲ့သည်။
ရုရှား၏နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် ၎င်း၏မိခင်နီနာသည် ခြံအတွင်းရှိ ဗုံးခိုကျင်းအတွင်း၌ ဝင်ရောက်ပုန်းခိုနေခဲ့သည်ဟု ဆိုသည်။ နီနာသည် ဘာသာရေးအဆောင်များဝန်းရံထားသော သစ်သားမီးဖိုလေး၏နံဘေးတွင် ပုန်းအောင်းလျက် “ကျွန်မတို့ကိုကူညီပေးပါ”ဟု ရေရွတ်နေခဲ့လေသည်။














