တရုတ်နိုင်ငံတွင် မကြာသေးမီကနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သော လူတစ်ဦးတွင် မျောက်ကျောက်ရောဂါကူးစက်ခံထားရကြောင်း စက်တင်ဘာ ၁၆ ရက်က တွေ့ရှိခဲ့ပြီး ယင်းသည် တရုတ်၏ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှုအဖြစ် စံချိန်တင်ခဲ့သည်။
နိုင်ငံအနောက်တောင်ပိုင်းချုံချင်းမြို့ရှိ ကျန်းမာရေးအာဏာပိုင်များ၏ပြောကြားချက်အရ ယင်းအမျိုးသားသည် COVID-19 ကွာရန်တင်းဝင်ရောက်နေစဉ်အတွင်း ရောဂါလက္ခဏာများ ပြသခဲ့သည်ဟုဆိုသည်။
တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒအရ နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် ဆိုက်ရောက်ချိန်မှစ၍ သီတင်းပတ်တစ်ပတ်နှင့် နှစ်ပတ်ကြာ သီးခြားနိုင်ထိုင်ရမည်ဟု ထုတ်ပြန်ထားသည်။
မျောက်ကျောက်ရောဂါလူနာသည် အရေပြားတွင်အဖုအပိမ့်ထွက်ခြင်းအပါအဝင် ရောဂါလက္ခဏာများ ခံစားလာရပြီးနောက် ယင်းရောဂါအတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီး ပြည်ပမှဝင်ရောက်လာသည့် ကူးစက်မှုဖြစ်စဉ်အဖြစ် မြို့၏ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ယင်းလူနာကို သတ်မှတ်ထားသည့်ဆေးရုံတွင် သီးသန့်ထားရှိကာ ကုသပေးနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းလူနာသည် မြို့သို့ရောက်ရှိချိန်၌ ချက်ချင်းသီးသန့်ခွဲနေထိုင်မှုကြောင့် ကူးစက်မှုလမ်းကြောင်းမရှိသည့်အပြင် ကူးစက်နိုင်ခြေနည်းပါးသည်ဟုလည်း ဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်ကဟောင်ကောင်တွင် ၎င်း၏ပထမဆုံးမျောက်ကျောက် ရောဂါကူးစက်ခံရသူကို တွေ့ရှိခဲ့ပြီးအသက် ၃၀ အရွယ်အမျိုးသားသည် ဟောင်ကောင်သို့ ရောက်ရှိလာပြီးနောက် သုံးရက်ကြာ ကွာရန်တင်းဝင်နေချိန်အတွင်း ရောဂါလက္ခဏာ ပြသခဲ့သောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းလူနာသည်လည်း အခြားသူများနှင့် ထိတွေ့မှုမရှိကြောင်း၊ ဟောင်ကောင်ဒေသခံများအပေါ် ကူးစက်နိုင်ခြေ အလွန်နည်းပါးကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဖျားနာခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် အရေပြားအဖုအပိမ့်ထွက်ခြင်းအပါအဝင် မျောက်ကျောက်ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့်ပြင်းထန်လေ့မရှိပေ။
၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင်သုတေသနပြုလုပ်ရန် ထိန်းသိမ်းထားသည့်မျောက်များတွင် ယင်းဗိုင်းရပ်စ်ပိုးကို ကနဦးတွေ့ရှိ ခဲ့သောကြောင့် မျောက်ကျောက်ရောဂါဟု အမည်ပေးခဲ့ခြင်းဖြစ်သော်လည်း ယင်းရောဂါကို တိရစ္ဆာန်အများအပြားတွင် တွေ့ရှိခဲ့ပြီး အများအားဖြင့် ကြွက်များတွင် တွေ့ရှိခဲ့သည်။
ယင်းရောဂါကို ၁၉၇၀ ခုနှစ်တွင် ကွန်ဂိုနိုင်ငံ၌ ပထမဆုံးအကြိမ် လူသားများ၌ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး အဓိအားဖြင့် အနောက်နှင့်ဗဟိုအာဖရိကနိုင်ငံများတွင် အကန့်အသတ်ဖြင့် ကူးစက်ပျံ့နှံ့ခဲ့သည်။
သို့သော် မေလက ဖျားနာခြင်း၊ ကြွက်သား ကိုက်ခဲခြင်းနှင့် အရေပြားယားယံခြင်းတို့ကို ဖြစ်စေသော ယင်းရောဂါသည် ကမ္ဘာတစ်ဝန်းလုံးသို့ အလျင်အမြန်ကူးစက်ပျံ့နှံ့လာခဲ့ပြီးအထူးသဖြင့် အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများတွင် ကူးစက်ဖြစ်ပွားခဲ့သည်။ ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှလူသားများကို ကူးစက်နိုင်သော်လည်း လက်ရှိကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသည့်ဖြစ်စဉ်များသည် လူသားအချင်းချင်း အနီးကပ်ထိတွေ့မှုဖြစ်စဉ်များကြောင့် ဖြစ်ကြောင်း WHO ကျွမ်းကျင်သူများကဆိုသည်။














