ဥရောပသမဂ္ဂက COVID-19 ရောဂါကုသမှုအတွက် AstraZenca ၏ ကုသဆေးကို အကြံပြုထောက်ခံ

ဥရောပသမဂ္ဂက COVID-19 ရောဂါကုသမှုအတွက် AstraZenca ၏ ကုသဆေးကို အကြံပြုထောက်ခံ
AstraZenca ၏ Evusheld ကုသဆေးဘူးကို တွေ့ရစဉ် (Photo : AP)
AstraZenca ၏ Evusheld ကုသဆေးဘူးကို တွေ့ရစဉ် (Photo : AP)
Published 17 September 2022
Ref : AFP

AstraZenca ၏ Evusheld ကုသဆေးကို COVID-19 ကြောင့် သေဆုံးနိုင်ခြေမြင့်သည့် လူနာများကို ကုသရန်အတွက် ဥရောပသမဂ္ဂတွင် စျေးကွက်ရှာဖွေရန်အကြံပြု ထောက်ခံခဲ့ကြောင်း ဗြိတိန်ဆေးကုမ္ပဏီက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အီးယူ၏ ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ယင်းကဲ့သို့ လူနာများတွင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက် Evusheld ကို အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

“ကာလကြာရှည် ထိရောက်မှုရှိတဲ့ပေါင်းစပ်ပဋိပစ္စည်းဆေး Evusheld ကို COVID-19 ကုသမှုအတွက် အီးယူမှာအတည်ပြုချက်ရရှိဖို့ အကြံပြု ထောက်ခံလိုက်ပါတယ်”ဟု AstraZenca က ပြောကြားခဲ့သည်။

“COVID-19 ကူးစက်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန် COVID-19 ရောဂါဖြစ်နိုင် ခြေမြင့်မားတဲ့ အသက်၁၂ နှစ်နဲ့အထက် အရွယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ထိုးဆေးဖြစ်တဲ့ ဒီဆေးကိုအသုံးပြုဖို့အကြံပြု လိုက်ပါတယ်”ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ယင်းကုသဆေးသည်ပြင်းထန် ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေသို့မဟုတ် သေဆုံးမှုအထိ တိုးတက်လာမှုအပေါ်ထိရောက စွာ ကာကွယ်ပေးနိုင်ကြောင်းစမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ဥရောပဆေးဝါးအေဂျင်စီ၏ နောက်ဆုံးထွက် Evusheld အကြံပြုချက်ကို ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း အိုမီခရွန်နှင့် နောက်ဆုံးပေါ်ဗိုင်းရပ်စ် မျိုးကွဲများက ပဋိပစ္စည်းသုံး ဆေးများကို အာနိသင်လျော့နည်းစေသော အကြောင်းရင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းသုံး ဆေးနှစ်မျိုးကို အကြံမပြုတော့ကြောင်းထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်၏ ဆဲလ်များကို ကူးစက်နိုင်စွမ်းအား အာနိသင်လျော့သွားစေရန် SARS-Cov-2 ၏ spike protein ကို ပေါင်းစည်းပေးခြင်းဖြင့် အလုပ်လုပ်စေရန် ပုံစံထုတ်ထားသော အဆိုပါဆေးနှစ်မျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားစကာလတွင် တီထွင်ခဲ့သော ပထမဆုံးဆေးများ ဖြစ်သည်။

ထို့နောက်ပိုင်းတွင် ဗိုင်းရပ်စ်သည် ဆင့်ကဲပြောင်းလဲလာခဲ့သည်။ ဓာတ်ခွဲခန်းစမ်းသပ်ချက်များမှ အများအပြားရရှိထားသော အထောက်အထားအရ sotrovimab နှင့် casirvimab ဆေးနှစ်မျိုးသည် နောက်ဆုံးပေါ် မျိုးကွဲများကို လက်တွေ့ကာကွယ်ရာတွင် အကန့်အသတ်ရှိနေသည်ကို တွေ့ရှိခဲ့သည်။  ထို့ကြောင့် အဆိုပါဆေးနှစ်မျိုးကို အမေရိကန်ကျန်းမာရေးအာဏာပိုင်အဖွဲ့က အသုံးမပြုရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

Regeneron နှင့် မိတ်ဖက်လုပ်ငန်း Roche တို့၏ antibody cocktail ဖြစ်သော casirvimab-midevimab  ဆေးသည် လွန်ခဲ့သောနှစ်တွင် အမေရိကန်ဆေးကုမ္ပဏီ Regeneron ၏ ရောင်းအားအကောင်းဆုံး ဆေးတစ်မျိုးဖြစ်ခဲ့ပြီး ဒေါ်လာဘီလျံချီ ရောင်းချခဲ့ရသည်။ဇန်နဝါရီတွင် FDA သည် အဆိုပါဆေး၏ ထိရောက်မှုကို ပြန်လည်သုံးသပ်ခဲ့ရာ ဆေးသည် အိုမီခရွန်မျိုးကွဲကို ကာကွယ်ရာတွင် အာနိသင်လျော့သည်ကို တွေ့ရှိခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူပေါင်း ၆၁၁ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၆.၅၂ သန် းရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

Most Read

Most Recent