ပြည်ပရှိရုရှားနိုင်ငံသားများကို အကူအညီပေးမည့် ရုရှားကမ္ဘာအခြေခံ နိုင်ငံခြားရေးမူဝါဒသစ်ကို သမ္မတဗလာဒီမာပူတင် အတည်ပြု

ပြည်ပရှိရုရှားနိုင်ငံသားများကို အကူအညီပေးမည့် ရုရှားကမ္ဘာအခြေခံ နိုင်ငံခြားရေးမူဝါဒသစ်ကို သမ္မတဗလာဒီမာပူတင် အတည်ပြု
စက်တင်ဘာ ၅ ရက်တွင် သမ္မတပူတင်ကို သိမ်းငှက်တစ်ကောင်နှင့်အတူ တွေ့ရစဉ် (Photo-AFP)
စက်တင်ဘာ ၅ ရက်တွင် သမ္မတပူတင်ကို သိမ်းငှက်တစ်ကောင်နှင့်အတူ တွေ့ရစဉ် (Photo-AFP)
Published 6 September 2022
Ref: Reuters

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားကမ္ဘာဆိုသောအယူအဆကို အခြေခံထားသည့် နိုင်ငံခြားရေးမူဝါဒသစ်ကို စက်တင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့ရာ အဆိုပါမူဝါဒသည် ရုရှားဘာသာစကားပြောသူများ၏ ထောက်ခံမှုဖြင့် ပြည်ပစွက်ဖက်မှု လျော်ကန်သင့်မြတ်စေရန် ရှေးရိုးဆန်သည့်အတွေးအခေါ်များကို အသုံးပြုထားသောအယူအဆဖြစ်သည်။

ယူကရိန်းတွင်ဆင်နွှဲနေသော စစ်ပွဲသည် ခြောက်လကျော်ရှိလာချိန်တွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၃၁ မျက်နှာရှိ လူသားချင်းစာနာမှုမူဝါဒ၌ ရုရှားသည် ရုရှားကမ္ဘာ၏ အစဉ်အလာများနှင့် စံနမူနာများကို ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်းတို့ လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

ပါ၀ါအပျော့ မဟာဗျူဟာအမျိုးအစားအနေဖြင့် ဖော်ပြထားခြင်းဖြစ်သော်လည်း အဆိုပါနိုင်ငံခြားရေးမူဝါဒသစ်တွင် ရုရှားနိုင်ငံရေး၊ ဘာသာရေးတို့နှင့်သက်ဆိုင်သော တရားဝင်မူဝါဒများကို ထည့်သွင်းထားသည်။ သဘောထားတင်းမာသူအချို့က ယူကရိန်းဒေသများကို ရုရှား၏ ကျူးကျော်မှုမှာ ကျိုးကြောင်းဆီလျော်မှုရှိပြီး ယူကရိန်းအရှေ့ပိုင်း၌ ရုရှားလိုလားသော ခွဲထွက်ဒေသများကို ထောက်ခံသည့် မူဝါဒများကို ဖော်ပြထားခြင်းဖြစ်သည်။

“ရုရှားပြည်ထောင်စုဟာ ပြည်ပမှာ နေထိုင်ကြတဲ့ ရုရှားနိုင်ငံသားတွေ သူတို့ရဲ့အခွင့်အရေးတွေ ပြည့်ဝစေဖို့ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ သူတို့ရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ရုရှားယဉ်ကျေးမှုဆိုင်ရာ သရုပ်သကန် ထိန်းသိမ်းစောင့်ရှောက်တာကိုလည်း အကူအညီပေးမှာဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးမူဝါဒသစ်တွင် ဖော်ပြထားသည်။

ပြည်ပရှိ မိမိနိုင်ငံသားများနှင့် ရုရှား၏ဆက်ဆံရေးများက ဝင်ရိုးစုံကမ္ဘာ (multipolar world) ဖန်တီးရေးအတွက် ကြိုးပမ်းနေသော ဒီမိုကရေစိနိုင်ငံအဖြစ် မိမိ၏ပုံရိပ်ကို နိုင်ငံတကာအဆင့်တွင် အားကောင်းစေမည်ဟု ဖော်ပြထားသည်။

ပထဝီနိုင်ငံရေးဆိုင်ရာကပ်ဘေးတစ်ခုုဖြစ်သည်ဟု ပူတင်ပြောကြားခဲ့သော ဖြစ်ရပ်ဖြစ်သည့် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့်အခါ ရုရှားပြင်ပရှိ အသစ်စက်စက် လွတ်လပ်ရေးရသွားသော နိုင်ငံများတွင် နေထိုင်နေကြသော ရုရှားတိုင်းရင်းသား ၂၅ သန်းခန့်၏ ဝမ်းနည်းဖွယ်ကံကြမ္မာကို ပူတင်က အလေးပေးပြောကြားနေသည်မှာ ကြာပြီဖြစ်သည်။

ရုရှားသည် ဘောလ်တစ်မှ အလယ်အာရှအထိ ဆိုဗီယက်နယ်ပယ်ဟောင်းကို ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပြီး ယင်းနယ်ပယ်ကို မိမိသြဇာလွှမ်းမိုးသည့် နေရာအဖြစ် တရားဝင်သတ်မှတ်ထားခြင်းအား ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံများသာမက အနောက်နိုင်ငံများကပါ ပြင်းထန်စွာ ခုခံလျက်ရှိကြသည်။

ဆလာဗစ်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယတို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ အရှေ့အလယ်ပိုုင်း၊ လက်တင်အမေရိက၊ အာဖရိကတို့နှင့် ရုရှား၏ ဆက်ဆံရေးများကို ထပ်မံတိုးမြှင့်ရန် နိုင်ငံခြားရေးမူဝါဒသစ်တွင် ဆက်လက်ဖော်ပြထားသည်။

ရုရှားသည် ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနှင့် စစ်ဖြစ်ခဲ့ပြီးနောက် ရုရှားကလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုထားသော ဂျော်ဂျီယာဒေသနှစ်ခုဖြစ်သည့် အက်ဘ်ခါဇီယားနှင့် အိုဆက်တီးယားတို့နှင့်လည်း ဆက်ဆံရေးများကို ထပ်မံမြှင့်တင်ရန်မည်ဟု ဆိုသည်။ ထို့အပြင် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ဒေသနှစ်ခုဖြစ်သော ဒိုးနက်နှင့် လူဟန်တို့နှင့်လည်း ဆက်ဆံရေးမြှင့်တင်မည်ဟု ဖော်ပြထားသည်။             

 

Most Read

Most Recent