ထီးလင်းမြို့တွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ရာတွင် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် သုံးဦး သေဆုံးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၆ ရက် ည ၉ နာရီခန့်တွင် အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး ထီးလင်းမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောစပ်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ထီးလင်းမြို့အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် အမှတ်(၂)ရပ် ကွက်အတွင်း အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက်နှင့် အမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဝင်း၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအောင်သန်းဝင်း၊ ၎င်း၏ဇနီး ဒေါ်ကြည်တင်နှင့် သမီးဖြစ်သူ မယမင်းအိတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူနိုင်ရေးအတွက် ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၎င်းတို့သုံးဦးမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















