ရုရှားနှင့် မည်သည့်ပွဲမျှကစားမည်မဟုတ်ဟု အင်္ဂလန်ကြေညာပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရုရှားကိုထုတ်ပယ်ရန် ပြင်သစ် တောင်းဆို

ရုရှားနှင့် မည်သည့်ပွဲမျှကစားမည်မဟုတ်ဟု အင်္ဂလန်ကြေညာပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရုရှားကိုထုတ်ပယ်ရန် ပြင်သစ် တောင်းဆို
Photo: Sky Sports
Photo: Sky Sports
Published 28 February 2022

ရုရှားက ယူကရိန်းကို စစ်ရေးအရတိုက်ခိုက်မှုအပေါ် တုံ့ပြန်ရန် အားကစားလောကတွင် လှုပ်ရှားမှုများပြုလုပ်လျက်ရှိပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ရုရှားအသင်းနှင့် မည်သည့်နိုင်ငံတကာပြိုင်ပွဲမှ ယှဉ်ပြိုင်ကစားမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သလို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရုရှားအသင်းကို ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

FA ၏ ကြေညာချက်တွင် ရုရှားအာဏာပိုင်များ၏ ကျူးလွန်မှုကို ရှုတ်ချကြောင်းနှင့် အနာဂတ်တွင် လက်ရွေးစင်အဆင့်၊ သက်တမ်းအလိုက်နှင့် မသန်စွမ်းဘောလုံးစသည့် မည်သည့်ကဏ္ဍတွင်မဆို ရုရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

''အနာဂတ်မှာ ရုရှားနဲ့ ဘယ်နိုင်ငံတကာပွဲစဉ်မှ ကစားသွားမှာ မဟုတ်ဘူးဆိုတာ FA အနေနဲ့ အတည်ပြုပါတယ်။ စီနီယာအဆင့်၊ သက်တမ်းအလိုက်နဲ့ မသန်စွမ်းဘောလုံး စတာတွေအားလုံး ပါဝင်ပါတယ်'' ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) ဥက္ကဋ္ဌ နိုရယ်လီဂရတ်ကလည်း ''အားကစားလောက၊ အထူးသဖြင့် ဘောလုံးလောကအနေနဲ့ ကြားနေလို့မရပါဘူး။ ရုရှားကို ထုတ်ပယ်ရင် ဆန့်ကျင်သွားမှာ မဟုတ်ဘူးဆိုတာ သေချာပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဲဒီနိုင်ငံနဲ့ ဘောလုံးကစားတာကို ဘယ်လိုကြည့်နေနိုင်မှာလဲ'' ဟု ပြောကြားသည်။

ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်အစား ပါရီမြို့၌ ပြောင်းလဲကျင်းပရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က သောကြာနေ့တွင် ဆုံးဖြတ်ထားသည်။

Most Read

Most Recent