ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘရာဇီးလ်အသင်းနှင့် လမ်းခွဲတော့မည်ဟု ထိထီ အတည်ပြုကြေညာ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘရာဇီးလ်အသင်းနှင့် လမ်းခွဲတော့မည်ဟု ထိထီ အတည်ပြုကြေညာ
Photo: Getty Images
Photo: Getty Images
Published 28 February 2022

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ထိထီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုကြေညာခဲ့သည်။

အသက်(၆၀)နှစ်အရွယ်ရှိ ထိထီသည် ဘရာဇီးလ်အသင်းအား ၂၀၁၆ ခုနှစ် ဇွန်လကတည်းက ကိုင်တွယ်နေခြင်းဖြစ်ပြီး ၎င်း၏စာချုပ်မှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည်ဖြစ်သည်။

၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ထိထီက ''ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတဲ့အထိ ကျွန်တော် ရှိနေမှာပါ။ ကျွန်တော်က ကိုယ့်အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ဘောလုံးဆိုတာ သံသရာစက်ဝိုင်းတစ်ခုလို ဖွဲ့စည်းထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုရှာဖွေဖို့ ထူးခြားတဲ့ အခွင့်အရေးရခဲ့တယ်ဆိုတာ သိပါတယ်။ တခြားသော ထိပ်တန်းပရော်ဖက်ရှင်နယ်တွေကလည်း သူတို့ရဲ့ အကောင်းဆုံးအချိန်မှာ ဒီလိုရာထူးကို မက်မောကြမှာပါ''ဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

ထိထီသည် ဘရာဇီးလ်အသင်းအား တာဝန်ယူကိုင်တွယ်သည့် (၆) နှစ်အတွင်း ပြိုင်ပွဲစုံ ပွဲ(၇၀)တွင် (၅၁) ပွဲနိုင်၊ (၁၄)ပွဲသရေကျကာ (၅)ပွဲသာ ရှုံးနိမ့်ထားပြီး ၂၀၁၉ ကိုပါအမေရိကချန်ပီယံဆု ဆွတ်ခူးရယူပေးထားသည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်နိုင်သော်လည်း အာဂျင်တီးနားအသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်သောကြောင့် ချန်ပီယံဆု လွဲချော်ခဲ့ရသည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း ပထမဆုံးခြေစစ်ပွဲ အောင်မြင်သည့်အသင်း ဖြစ်ခဲ့သည်။

 

Most Read

Most Recent