လာမည့်နွေရာသီတွင် ဟော်လန်းအားခေါ်ယူနိုင်ရန်အတွက် အသင်း၏ အဓိကကစားသမားအချို့အား ရောင်းချကာ ဘာစီလိုနာငွေရှာဖွယ်ရှိနေ

လာမည့်နွေရာသီတွင် ဟော်လန်းအားခေါ်ယူနိုင်ရန်အတွက် အသင်း၏ အဓိကကစားသမားအချို့အား ရောင်းချကာ ဘာစီလိုနာငွေရှာဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 28 February 2022

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းအားခေါ်ယူနိုင်ရန်အတွက် လက်ရှိအသင်း၏ အဓိက ကစားသမားအချို့အားရောင်းချကာ ငွေရှာသွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းအနေဖြင့် ဟော်လန်းအားခေါ်ယူနိုင်ရန်အတွက် ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်အစရှိသည့် ဥရောပထိပ်သီအသင်းများနှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေရာ လက်ဦးမှုရယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်စီစဉ်နေကြောင်းလည်း သိရသည်။

အသက် (၂၁)နှစ်အရွယ်ရှိ ဟော်လန်းနှင့် ဒေါ့မွန်အသင်းတို့၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ဟော်လန်းအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဟု ဖွင့်ဟထားသလို၊ ဒေါ့မွန်အသင်းမှာလည်း ၎င်းတို့၏ကစားသမားအား စာချုပ်လျော်ကြေးဖြင့် ထွက်ခွာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်လန်းနှင့် ဒေါ့မွန်အသင်းတို့၏ စာချုပ်လျော်ကြေးမှာ ယူရို (၇၅)သန်းသာဖြစ်သော်လည်း ကစားသမားအားလက်မှတ်ထိုးကြေး၊ လစာငွေနှင့် အေးဂျင့်ဝန်ဆောင်ခများ ထပ်မံပေါင်းထည့်ခဲ့ပါက ဟော်လန်း၏အပြောင်းအရွှေ့အတွက် အနည်းဆုံး ယူရို သန်း (၁၂၀)ခန့် အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။

ယင်းပမာဏမှာ ဘဏ္ဍာရေးအခက်အခဲကိုရင်ဆိုင်နေရသော ဘာစီလိုနာအသင်းအတွက် အဟန့်အတားတစ်ခု ဖြစ်လာဖွယ်ရှိနေပြီး အဆိုပါအခြေအနေကိုကျော်လွှားနိုင်ရန်အတွက် အသင်း၏ အဓိက ကစားသမားအချို့ကို ရောင်းချကာ ကြိုတင်ငွေရှာထားရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စပိန်မီဒီယာအချို့၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရောင်းချမည့် ကစားသမားအမည်စာရင်းကို အတိအကျမသိရှိသေးသော်လည်း ကော်တင်ဟို၊ ဆာဂျီရောဘတ်တို၊ ဒမ်ဘီလီ၊ အမ်တီတီ၊ ရီကီပွတ်၊ မင်ဂွယ်ဇာအစရှိသည့် ကစားသမားများ ပါဝင်နိုင်သလို၊ ပီကေး၊ ဘူးစကွက်စ်အစရှိသည့် ၀ါရင့်ကစားသမားများ၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေကြောင်းသိရှိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ကစားသမားများရောင်းချခြင်းအပြင် လစာငွေ လျှော့ချရန်အတွက်လည်း ကစားသမားအချို့အား ထွက်ခွာခွင့်ပြုရန်စီစဉ်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားများရောင်းချခြင်းမှ အနည်းဆုံး ယူရိုသန်း (၈၀)ခန့်ရရှိရန် ရည်မှန်းထားကြောင်း စပိန်အားကစားသတင်းဌာနတစ်ခုဖြစ်သည့် Football Espana က ဖော်ပြခဲ့သည်။

 

Most Read

Most Recent