သြစတြေးလျနိုင်ငံသည် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ကမ္ဘာလှည့်ခရီးသည်များအတွက် ၎င်း၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်မည်ဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်သည် နိုင်ငံ၏ကမ္ဘာ့အတင်းကျပ်ဆုံးနှင့် အရှည်ကြာဆုံးကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်အချို့ကို အဆုံးသတ်စေခဲ့သည်။
“သြစတြေးလျမှာ နယ်စပ်တွေအားလုံးကို ပိတ်ပစ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ချခဲ့တာ နှစ်နှစ်နီးပါးရှိခဲ့ပါပြီ” ဟု မော်ရစ်ဆင်က အမျိုးသားလုံခြုံရေးအစိုးရအဖွဲ့ဝင်များနှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။
ဗီဇာကိုင်ဆောင်ထားသူများအားလုံးအတွက် ယခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်တွင် နယ်စပ်များအားလုံးကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးနှစ်လုံးအပြည့်ထိုးနှံပြီးသူတိုင်းကို သြစတြေးလျနိုင်ငံက ကြိုဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်ကြားမှ နိုင်ငံတွင်းရောဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်ရန် သြစတြေးလျသည် ၂၀၂၀ ခုနှစ် မတ်လက ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့သည်။
ထို့နောက်ပိုင်းကတည်းက သြစတြေးလျနိုင်ငံသားများကို နိုင်ငံတွင်းမှထွက်ခွာခွင့်တားမြစ်ပိတ်ပင်ခဲ့ပြီး ခရီးသွားအနည်းငယ်ကိုသာ ခြွင်းချက်အနေဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ယင်းစည်းမျဉ်းများကြောင့် ပြည်ပတွင် ရောက်ရှိနေသည့် သြစတြေးလျနိုင်ငံသားများသည် ထိုနိုင်ငံများတွင် သောင်တင်လျက်ရှိပြီး မိသားစုများနှင့် ဝေးကွာနေကာ နိုင်ငံ၏ဒေါ်လာဘီလျံသန်းချီ ခရီးသွားကဏ္ဍလည်း ထိခိုက်ခဲ့သည်။
နယ်စပ်ပိတ်ထားမှုကြောင့် လစဉ်လတိုင်းစီးပွားရေးလုပ်ငန်းများသည် ပျမ်းမျှဒေါ်လာ ၂.၆ ဘီလျံ ဆုံးရှုံးနစ်နာခဲ့သည်ဟု သြစတြေးလျကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းအသင်းက ထုတ်ပြန်ခဲ့သည်။
မကြာသေးမီလများအတွင်း ယင်းသြစတြေးလျနိုင်ငံသားများနှင့် ရေရှည်နေထိုင်သူများနှင့် ကျောင်းသားများအတွက် ယင်းစည်းမျဉ်းများကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည်။
နောက်ဆုံးချမှတ်သည့်ဆုံးဖြတ်ချက်သည် ကျန်ရှိနေသည့် ကန့်သတ်ချက်စည်းမျဉ်းများအားလုံးကို ဖြေလျှော့ပေးဖွယ်ရှိနေသည်။
သြစတြေးလျ၏ ကာလကြာရှည်ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်ကာ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအတွင်း ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုခြေရာခံသည့်စနစ် ပြိုကွဲသွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
ဂျပန်၊ တရုတ်၊ နယူးဇီလန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံအများအပြားအပါအဝင် နိုင်ငံအနည်းငယ်သာ ကမ္ဘာလှည့်ခရီးသွားများအတွက် နိုင်ငံတွင်းဝင်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
ကပ်ရောဂါမတိုင်မီကာလနှင့်နှိုင်းယှဉ်လျှင် ခရီးသွား ၉၈ ရာခိုင်နှုန်းနီးပါးကျဆင်းမှုနှင့် ရုန်းကန်နေရသည့် သြစတြေးလျ၏ခရီးသွားကဏ္ဍအတွက် ယင်းသတင်းသည်မျှော်လင့်ချက်များကို ဆောင်ယူပေးနိုင်ခဲ့သည်။
“နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မယ်ဆိုတာကြားတော့ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော်တို့အတွက် အမှန်တကယ် ခက်ခဲခဲ့ပါတယ်” ဟု Great Barrier ကျောက်တန်းတစ်လျှောက် အပျော်စီးသဘောင်္ခရီးစဉ်၊ ရေငုပ်ခြင်းနှင့် အပန်းဖြေခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့် Quicksilver Group မှ စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး တိုနီဝေါ်ကာက ပြောကြားခဲ့သည်။














