အာဖဂန်နစ္စတန်ဘက်မှ ပစ်ခတ်မှုကြောင့် ၎င်း၏တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ဟု ပါကစ္စတန် ပြောကြား

အာဖဂန်နစ္စတန်ဘက်မှ ပစ်ခတ်မှုကြောင့် ၎င်း၏တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ဟု ပါကစ္စတန် ပြောကြား
တပ်ဖွဲ့ဝင်များကို သွားရောက်နှုတ်ဆက်နေသည့် ဘာလူချီစတန် ပြည်နယ်ဝန်ကြီးချုပ် ဘီဇန်ဂျိုကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
တပ်ဖွဲ့ဝင်များကို သွားရောက်နှုတ်ဆက်နေသည့် ဘာလူချီစတန် ပြည်နယ်ဝန်ကြီးချုပ် ဘီဇန်ဂျိုကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
Published 7 February 2022
Ref: AFP

အိမ်နီးချင်း အာဖဂန်နစ္စတန်ဘက်မှ ပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သား ငါးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပါကစ္စတန်အစိုးရက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန် တာလီဘန်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ပါကစ္စတန် အနောက်တောင်ပိုင်းတွင်  ခွဲထွက်ရေးသမားများ၏ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုများအတွင်း ပါကစ္စတန်တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် အာဖဂန်နစ္စတန်နှင့် အိန္ဒိယတို့မှ စီစဉ်ညွှန်ကြားသူများ ပါဝင်ပတ်သက်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် အာဏာရယူခဲ့ပြီးနောက်တွင် အာဖဂန်တာလီဘန်အုပ်စုက အာဖဂန်နစ္စတန်တွင် အကြမ်းဖက်အုပ်စုများကို အခြေချခွင့်ပေးမည်မဟုတ်ဟု ကတိပြုခဲ့သော်လည်း ပါကစ္စတန်စစ်သွေးကြွအုပ်စုများသည် စိမ့်ဝင်ရလွယ်ကူသော နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် ကာလကြာမြင့်စွာ ခိုအောင်းလှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လှုပ်ရှားနေသည့် စစ်သွေးကြွအဖွဲ့များတွင် Tehreek-e-Taliban Pakistan (TTP) အဖွဲ့လည်း ပါဝင်နေသည်။ ၎င်းအဖွဲ့က ကာရမ်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၆ ရက်က ထုတ်ဖော်ကြေညာခဲ့သည်။

TTP စစ်သွေးကြွအုပ်စုသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ပိုင်း ပိုမိုရဲတင်းလာခဲ့ကာ ယမန်နှစ်တွင် ပါကစ္စတန်အစိုးရနှင့် တစ်လကြာ အပစ်အခတ်ရပ်စဲမှု အဆုံးသတ်ခဲ့ပြီးနောက်တွင် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

အာဖဂန်နှင့် ပါကစ္စတန် တာလီဘန်အဖွဲ့တို့သည် သီးခြားရပ်တည်နေသောအဖွဲ့များဖြစ်သော်လည်း သဘောတရား အယူအဆချင်း တူညီကာ နယ်စပ်တစ်ဖက်တစ်ချက်တွင် နေထိုင်သူများကို သိမ်းသွင်းလျက်ရှိသည်။

ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးကြောင်း TTP စစ်သွေးကြွအုပ်စုက ပြောဆိုခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနကမူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

မိမိတို့၏ တပ်ဖွဲ့ဝင်များကလည်း သင့်လျော်သည့် တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမားများဘက်တွင် ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟုလည်း ၎င်းဌာနက ဆိုသည်။ ထို့အပြင် အကြမ်းဖက်သမားများက အာဖဂန်နယ်မြေအား အသုံးချနေမှုကို ပါကစ္စတန်ဘက်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ၎င်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဘာလူချီစတန် ပြည်နယ်တွင် ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ရန် ပါကစ္စတန် တပ်ဖွဲ့ဝင်များက လေးရက်တိုင်တိုင် ကြိုးပမ်းခဲ့ရပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်သွေးကြွ ၂၀ ဦးနှင့် ပါကစ္စတန်စစ်သား ကိုးဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က အပြီးသတ် စာရင်းထုတ်ပြန်ခဲ့သည်။ စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် စစ်သွေးကြွများသည် အာဖဂန်နစ္စတန်၊ အိန္ဒိယတို့နှင့် ဆက်နွှယ်နေကြောင်း ထောက်လှမ်းရေး အေးဂျင့်များက  ကြားဖြတ်ဖမ်းယူရရှိသည့် ဆက်သွယ်ပြောဆိုမှုများအရ သိရှိရသည်ဟုလည်း ပါကစ္စတန်က ဆိုသည်။         

Most Read

Most Recent