ပေကျင်းအိုလံပစ်မတိုင်မီ တက်ကြွလှုပ်ရှားသူများ၏ လူမှုမီဒီယာများကို တရုတ်က ထိန်းချုပ်ကန့်သတ်

ပေကျင်းအိုလံပစ်မတိုင်မီ တက်ကြွလှုပ်ရှားသူများ၏ လူမှုမီဒီယာများကို တရုတ်က ထိန်းချုပ်ကန့်သတ်
ဇန်နဝါရီ ၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် အိုလံပစ်ပြိုင်ပွဲအတွက် စကိတ်အားကစားကွင်းခန်းမတွင် လိုအပ်သည်များကို ညွှန်ကြားနေသည့် တရုတ်သမ္မတ ရှီကျင်းပင်အား တွေ့ရစဉ်
ဇန်နဝါရီ ၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် အိုလံပစ်ပြိုင်ပွဲအတွက် စကိတ်အားကစားကွင်းခန်းမတွင် လိုအပ်သည်များကို ညွှန်ကြားနေသည့် တရုတ်သမ္မတ ရှီကျင်းပင်အား တွေ့ရစဉ်
Published 26 January 2022
Ref: AFP  

တရုတ်နိုင်ငံတွင် စတင်ကျင်းပတော့မည့် ပေကျင်းအိုလံပစ်ပြိုင်ပွဲမတိုင်မီ အစိုးရက အတိုက်အခံများကို ဖိနှိပ်နေချိန်တွင် မကြာသေးမီ သီတင်းပတ်များအတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်အချို့၏ WeChat အကောင့်များမှာ ထိန်းချုပ်ကန့်သတ်ခံခဲ့ရသည်ဟု အကောင့်များ ထိန်းချုပ်ကန့်သတ်ခံခဲ့ရသည့် ကာယကံရှင်အချို့က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး အနောက်အင်အားကြီး နိုင်ငံအချို့က ပေကျင်းအိုလံပစ်ကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်းကြေညာခဲ့ပြီး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများကလည်း အားကစားသမားများသည် ဒစ်ဂျစ်တယ် ထောက်လှမ်းရေးစနစ်များဖြင့် စောင့်ကြည့်ခံရမည့် အန္တရာယ်နှင့်ပတ်သက်ပြီး သတိပေးချက်များ ထွက်ရှိခဲ့သည့်တိုင် တရုတ်သည် လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲကို အာဏာအပျော့ အောင်မြင်မှုတစ်ခုအဖြစ် လုပ်ဆောင်ရန် မျှော်လင့်ထားသည်။

တက်ကြွလှုပ်ရှားသူများကို စဉ်ဆက်မပြတ် ဖိနှိပ်ထားသည့် တရုတ်တွင် အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံအသီးသီးမှ အားကစားသမားများရောက်ရှိလာသည့်အချိန်တွင်လည်း တက်ကြွလှုပ်ရှားသူများကို အလားတူ ဖိနှိပ်မှုများ ဖြစ်ပွားခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည့် လူပုဂ္ဂိုလ်ရှစ်ဦး၏ အဆိုအရ ဒီဇင်ဘာလ အစောပိုင်းကတည်းက ၎င်းတို့၏ WeChat အကောင့်များမှာ ထိန်းချုပ်ကန့်သတ်ခံခဲ့ရပြီး အချို့လူများ၏အကောင့်မှာ လုံးဝအသုံးပြု၍မရတော့ခြင်းနှင့် အချို့အကောင့်များမှာ နောက်တစ်ကြိမ်မှတ်ပုံတင်ရန် အတင်းအကြပ်စေခိုင်းခံရခြင်းတို့ရှိခဲ့သည်ဟု သိရသည်။

တရုတ်အာဏာပိုင်များသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ရှေ့နေ ရှဲ့ယန်နှင့် စာရေးစရာ ယန်မော်တုံးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ လူမှုမီဒီယာများကို ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တတိယမြောက် လူ့အခွင့်အရေးရှေ့နေတစ်ဦးမှာမူ ဒီဇင်ဘာလအစောပိုင်းကတည်းက ပျောက်ဆုံးနေပြီး ၎င်းသည် လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ယုံကြည်ကြောင်း ၎င်း၏ ဆွေမျိုးများက ပြောကြားခဲ့သည်။

“WeChat အကောင့်တွေကို အသည်းအသန်လိုက်ပိတ်နေတာဟာ တော်တော်ပြင်းထန်ပြီး ဒါမျိုးကို မကြုံဖူးပါဘူး” ဟု ဒီဇင်ဘာ ၂၀ ရက်က ၎င်း၏ WeChat အကောင့်ပိတ်ပင်ခံခဲ့ရသည့် ၀ါရင့်ဂျာနယ်လစ် ကောင်ယုက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီညီလာခံကဲ့သို့ နိုင်ငံရေးအရ အထိအခိုက်မခံသည့် အချိန်ကာလများ သို့မဟုတ် ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ဆန္ဒပြမှုဖြိုခွင်းသည့်ဖြစ်စဉ်ကဲ့သို့ အထင်ကရ နှစ်ပတ်လည် အခါသမယများတွင် အစိုးရနှင့် သဘောထားကွဲလွဲသူများ၏ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ၎င်းတို့၏ လူမှုမီဒီယာအကောင့်များကို ထိန်းချုပ်ကန့် သတ်လေ့ရှိသည်။

တရုတ်တွင် ယခုနှစ်ကုန်ပိုင်း၌ ကွန်မြူနစ်ပါတီညီလာခံကို ကျင်းပမယ်ဖြစ်ပြီး ယင်းညီလာခံ၌ မျိုးဆက်တစ်ခုအတွင်း တရုတ်၏ အာဏာရှင် အဆန်ဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတရှီကျင်းပင်သည် တတိယသက်တမ်းအတွက် ၎င်း၏အာဏာကို ပိုမိုခိုင်မာမှုရှိစေရန် လုပ်ဆောင်လိမ့်မည်ဟု အများစုက မျှော်မှန်းထားကြသည်။

 

 

Most Read

Most Recent