ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲအပြီး၌ စပါးအသင်းတွင် တိုးတက်အောင်လုပ်ရမည့်အရာ များစွာရှိသေးသည်ဟု ကွန်တီ ဝန်ခံ

ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲအပြီး၌ စပါးအသင်းတွင် တိုးတက်အောင်လုပ်ရမည့်အရာ များစွာရှိသေးသည်ဟု ကွန်တီ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 7 January 2022

စပါးအသင်း၏နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ်၊ ပထမအကျော့ပွဲအပြီးတွင် မိမိအနေဖြင့် စပါးအသင်းကို တိုးတက်လာအောင်လုပ်ရန် လုပ်စရာအများအပြားရှိနေသေးကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားခဲ့သည့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ရှုံးနိ်မ့်ခဲ့ပြီး ကွန်တီ၏ အသင်းဟောင်းဖြစ်သည့် ချယ်လ်ဆီးအသင်းအတွက် ကိုင်ဟာဗက်ဇ်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

နောက်ထပ် သွင်းဂိုးတစ်ဂိုးကိုမူ စပါးအသင်း၏ နောက်ခံလူ ဘင်ဒေးဗီးစ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် ကွန်တီက ယခုပွဲစဉ်တွင် ပြသခဲ့သည့် စွမ်းဆောင်ရည်မှာ မိမိတို့အသင်းသည် လန်ဒန်မြို့ခံပြိုင်ဘက်အသင်း၏နောက် ဘယ်လောက်ဝေးဝေးတွင် ပြတ်ကျန်နေခဲ့ပြီကို ပြသနေသည်ဟုလည်း ပြောကြားခဲ့သည်။

''စိတ်ရှည်သည်းခံမှုဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း စိတ်ရှည်ရှည်ထားပါတယ်။ ကျွန်တော့်အသင်းဟာ လုပ်စရာတွေအများကြီး ကျန်နေသေးတဲ့အသင်းပါ။ ဒီအချိန်မှာပေါ့။ အမှန်အတိုင်းပြောရရင် ဘယ်အပိုင်းမှာ တိုးတက်ဖို့ အများကြီးလိုနေသေးသလဲဆိုပြီး ပြောဖို့တောင် ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အများကြီးတိုးတက်ဖို့ လိုတယ်ဆိုတဲ့ အစိတ်အပိုင်းတွေက များလွန်းလို့ပါ။ ကျွန်တော်တို့ လိုအပ်နေတာ အချိန်နဲ့ စိတ်ရှည်မှုဖြစ်ပြီး လူတိုင်းလည်း ဒီ အချိန်မှာ စိတ်ရှည်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အများကြီး ပြုတ်ကျသွားခဲ့လို့ဖြစ်ပြီး အခုကျတော့ ကျွန်တော်တို့က ပွဲတိုင်းနိုင်ဖို့ ကြိုးစားနေရပါတယ်။ ကျွန်တော် နှိမ့်ချထားပြီး အမှန်ကို မြင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ လက်ရှိ အခြေအနေမှန်အပေါ်ကို နားလည်ထားပါတယ်။ ကျွန်တော့်ကစားသမားတွေကလည်း တစ်ဦးချင်းမှာရော၊ အသင်းလိုက်စုဖွဲ့မှုအပိုင်းမှာပါ တိုးတက်မှုတွေ အများကြီးလိုနေပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာကို စောင့်ကြည့်ကြပါ။ အခုအချိန်မှာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ထဲကို သွားကြတာပေါ့ ဆိုတာလောက် မရိုးရှင်းပါဘူး။ ဒါဟာ တကယ်လည်း မလွယ်ကူသလို၊ တကယ်လုပ်ရမယ့်အလုပ်၊ အရေးအကြီးဆုံးအလုပ်ကလည်း ကျွန်တော်တို့ အလုပ်ပိုကြိုးစားခြင်းအပေါ်မှာ အပြည့်အဝ စိတ်နှစ်ထားဖို့ပါပဲ။ ကျွန်တော့် ကစားသမားတွေအပေါ်မှာ ကျွန်တော် အမြဲတမ်းရိုးသားပါတယ်။ ပြီးတော့ အမှန်ကိုပဲ ပြောပါတယ်။ မုသားချိုတွေနဲ့ ကျွန်တော်တို့ ဘယ်နေရာကိုမှ မသွားနိုင်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော်တို့ထက်အများကြီး ပိုကောင်းပါတယ်''ဟု ကွန်တီက ပြောကြားခဲ့သည်။ 

Most Read

Most Recent